ဘင်္ဂလားဒေ့ရှ်တွင် မဲရုံမှပြန်လာသည့် ကား ၂ စီး ပစ်ခတ်ခံရ၊ ၇ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - FOX News
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ရန်ဂါမတီခရိုင် ဘန်ခိုင်ချွတ်ရီမြို့က မဲရုံတရုံကနေ ပြန်လာတဲ့ ကားနှစ်စီးကို သေနတ်သမားတွေ ပစ်ခတ်လို့ လူ ၇ ဦးထက်မနည်း သေဆုံးတယ်လို့ အရာရှိတွေက မတ်လ ၁၉ ရက်မှာ ပြောပါတယ်။ ဒီဒေသဟာ ခရီးသွားလုပ်ငန်းနဲ့ တိုင်းရင်းသားတွေရဲ့ လူနေမှုပုံစံကြောင့် လူသိများပါတယ်။ အရင်က တိုင်းရင်းသားတွေ သူပုန်ထဖူးတဲ့ ဒီနယ်ရဲ့ မဲရုံကနေ လုံခြုံရေးအရာရှိတွေနဲ့ မဲရုံအရာရှိတွေ ပြန်လာချိန် တနင်္လာညနေပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံရတာလို့ ရဲအရာရှိ မန်ဂျူရူ အာလမ်က အင်္ဂါမနက်ပိုင်းမှာ ပြောပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်က ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။ အပြင်းအထန် ဒဏ်ရာရသူ ၁၁ ဦးကို စစ်ရဟတ်ယာဉ်တွေနဲ့ တင်လာပြီး အနားက စစ်တကောင်းပြည်နယ် စစ်ဆေးရုံဆီ ခေါ်လာခဲ့တယ်။ အကြမ်းဖက်မှုအပြီး ဒေသတွင်းမှာ အာဏာပိုင်တွေက လုံခြုံရေး တိုးမြှင့်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ ရန်ဂါမတီခရိုင်ထဲမှာ ဒေသန္တရ အစိုးရအရာရှိကို ရွေးကောက်ဖို့ မဲပေးတာပါ။ ဒါပေမယ့် မသမာမှုတချို့ ရှိတယ်လို့ ပြောပြီး ကိုယ်စားလှယ်လောင်းတချို့က သပိတ်မှောက်ထားပါတယ်။ အိန္ဒိယနဲ့ရော မြန်မာနဲ့ပါ နယ်နိမိတ်ထိစပ်နေတဲ့ ဒီခရိုင်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အုပ်စုအမျိုးမျိုး လှုပ်ရှားနေပါတယ်။ မြေပြန့်လွင်ပြင်က ဘင်္ဂါလီတွေ လာရောက်အခြေချတာကို တိုင်းရင်းသားအုပ်စုတွေက ဆန့်ကျင်နေကြတယ်လို့ အေပီသတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up