အင်္ဂလန်အသင်းတွင် ဝက်စ်ပရောက်စ်နှင့် ဟတ်ဆန်အိုဒွိုင်းတို့ကို ရွေးချယ်

ဓာတ်ပုံ - Getty Images
897
အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကစားသမားလေးဦး ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပြီး နှစ်ဦး ထပ်မံခေါ်ယူလိုက်ပါတယ်။
အင်္ဂလန်အသင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဖေဘီယန်ဒက်ဖ်၊ လော့ဖ်တပ်ချိ၊ နောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုန်းနဲ့ လုခ်ရှောတို့ ဒဏ်ရာတွေကြောင့် အသီးသီး နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ အဲဒီကစားသမားတွေရဲ့ နေရာမှာ ဆောက်သမ်တန် ကွင်းလယ်လူ ဝက်စ်ပရောက်စ်နဲ့ ချဲလ်ဆီးလူငယ်တိုက်စစ်မှူး ဟတ်ဆန်အိုဒွိုင်းတို့ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့် နှစ်ဦးနုတ်ထွက်သွားတဲ့ နောက်တန်းနေရာမှာတော့ ကစားသမားသစ် ထပ်မခေါ်ခဲ့ပါဘူး။
အင်္ဂလန်လက်ရွေးစင် အသင်းသားတွေဟာ တနင်္လာနေ့ကတည်းက လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့ကြပါတယ်။
အင်္ဂလန်အသင်းမှာ အသင်းခေါင်းဆောင် ဟယ်ရီကိန်း၊ စတာလင်၊ အယ်လီ စတဲ့ အမာခံကစားသမားတွေ ပါဝင်နေသလို ဒက်စ်ကလန်ရိုက်၊ ဂျော်ဒန်ဆန်ချို စတဲ့ လူငယ်ကစားသမားတွေလည်း ရွေးချယ်ခံခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့်သောကြာနေ့မှာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ချက်အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။