မကြာမီ ရုံတင်တော့မည့် သွေးပျက်ထိတ်လန့်ဖွယ် စိတ္တဇရုပ်ရှင် – Us (နမူနာ)

စိတ္တဇဆန်ဆန် သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Psychological Horror-Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Us ကို လာမယ့် မတ်လ ၂၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ် နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jordan Peele က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Gabe နဲ့ Adelaide Wilson တို့စုံတွဲဟာ သူတို့ရဲ့ ကလေးတွေကိုခေါ်ပြီး ကမ်းခြေက အိမ်ကလေးတလုံးမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပန်းဖြေဖို့ ထွက်လာခဲ့ကြတယ်။ ဒါပေမယ့် သူတို့အားလုံး ထင်မှတ်ထားသလို ဖြစ်မလာခဲ့ဘဲ သွေးပျက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ကမ်းခြေမှာ သူတို့ထဲကလူတွေအားလုံးနဲ့ ချွတ်စွပ်တူနေတဲ့ မကောင်းဆိုးဝါးအုပ်စုနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Kenya-Mexican သရုပ်ဆောင်မင်းသမီး Lupita Nyong'o နဲ့အတူ အမေရိကန် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Winston Duke၊ Elisabeth Moss နဲ့ Tim Heidecker တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာပါ။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.9 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၁၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို South By Southwest ရုပ်ရှင်ပွဲတော်မှာ ကနဦး ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားကိုတော့ Box Office မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၅ နဲ့ ၄၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up