Home
မြန်မာသတင်း
မုန်တိုင်းကြောင့် ရခိုင်နှင့်ချင်းပြည်နယ်တွင် မိုးဆက်တိုက်ရွာသွန်း
နန်းမြနဒီ
·
October 11, 2012
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာပြီး ရခိုင်ပြည်နယ် မောင်တောအနောက်မြောက်ဘက် မိုင် ၈၀ လောက်ကို ဗဟိုပြုတိုက်ခတ်နေ တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတိပေးထုတ်ပြန် ကြေညာထားပါတယ်။ ဒီမုန်တိုင်းငယ်ဟာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ့်အကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့ မြေပြင် လေဟာ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုတ်ခတ်နိုင်တဲ့အကြောင်း အောက်တိုဘာ ဒီနေ့ မနက် ၇ နာရီအချိန်က ထုတ်ပြန်ထားတာပါ။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကတော့   ဒီမုန်တိုင်းကြောင့်  ပင်လယ်ပြင်ထွက် အလုပ်လုပ်နေတဲ့ ရေလုပ်သားတွေ သတိထားဖို့နဲ့ မနက်ဖြန်တော့ ရာသီဥတု အခြေအနေကောင်းမွန်မယ်လို့  ခန့်မှန်းပြောပါတယ်။ “ကျနော်မျှော်မှန်းထားတဲ့အတိုင်း အောက်တိုဘာမှာ မုန်တိုင်းဖြစ်မယ်ဆိုတာ အခု နှစ်ကြိမ်ဖြစ်သွားပြီ။ ဒါပေမယ့် ဖြစ်တဲ့မုန်တိုင်းက တခုက အိန္ဒိယ အရှေ့မြောက်ကို ဖြတ်တယ်။ နောက်တခုက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်တယ်။ ကျနော်တို့ လွတ်သွားတယ်။ ကံကောင်းသွားပါတယ်။ အောက်တိုဘာလကုန်ထိ စောင့်တော့ကြည့်ပေမယ့် လောလောဆယ် နောက်တလုံးလာဖို့ အလားအလာ မရှိသေးပါဘူး။ မုန်တိုင်းဖြစ်တယ်ဆိုတော့ ဂရုစိုက်ဖို့ လိုသေးတယ်။ ပင်လယ်ပြင်ကိုတော့ သိပ်အရဲမကိုးဖို့။ မုန်တိုင်းက ၀င်သွားပြီဆိုတော့ ဒီနေ့လောက်က နောက်ဆုံးပါပဲ။ နောက်ပိုင်းရောက်လေရောက်လေ ရာသီဥတုက ကောင်းလာ့ပါလိမ့်မယ်။” မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးနဲ့ စစ်တွေမြို့တွေမှာ ခုရက်ပိုင်းတွေအတွင်း  မိုးအဆက်မပြတ် ရွာသွန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘူးသီးတောင်မှာ ဒီနေ့ ကောင်းကင်တခုလုံး မည်းမှောင်နေပြီး တချက်တချက် လေတွေပါလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “မိုးရွာတာတော့ နှစ်ရက်၊ သုံးရက်ရှိပြီ။ ဒါပေမယ့် မနေ့ကစပြီး အရမ်းသည်းတယ်။ မိုးတွေမည်းပြီး မှောင်နေတယ်။ လူတွေလည်း သိပ်တော့ အပြင်မထွက်ကြဘူး။ ” မောင်တောဘက်မှာ မနေ့က ညပိုင်းကစပြီး မိုးတအားရွာနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်တွေ မြို့ခံ အမျိုးသမီးတဦးက “စစ်တွေရာသီဥတုက မိုးတအားကြီးနေတယ်။ မနေ့က တနေ့လုံး၊ တညလုံးပဲ။ အခုမှ နည်းနည်းလေးပဲ စဲတယ်။ မိုးပြင်းတယ်၊ လေလည်း နည်းနည်းပါးပါး  ပါတယ်။” စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း လေပြင်းတိုက်ခိုက်မှုကြောင့် ကြာအင်းရွာသူ အသက် ၄၀ အရွယ် အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ကလေးမြို့ဆေးရုံ ၀န်ထမ်းတဦးက ပြောပါတယ်။ “၉ ရက်နေ့ညက လေတအားတိုက်သွားတဲ့ ကြာအင်းဆိုတဲ့ ရွာဘက်မှာ လူတယောက်သေသွားတယ်။ သစ်ပင်လဲပြီး သစ်ကိုင်းပိလို့။ ညဘက် အိပ်နေတုန်းမှာ။ အလားတူ ချင်းပြည်နယ် ဟားခါးမြို့မှာလည်း ခုရက်ပိုင်းအတွင်းမိုးဆက်တိုက်ရွာသွန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် ၄၈ နာရီအတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024