မြောက်ဦးမြို့တိုက်ပွဲကြောင့် လူ ၆ ဦးဒဏ်ရာရ၊ နေအိမ်တလုံး မီးလောင်
DVB
·
March 19, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ မနေ့ညက တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကလေးငယ် ၁ ဦးအပါအ၀င် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
မတ်လ ၁၈ ရက် ည ၉ နာရီကျော်လောက်က မြောက်ဦးမြို့ နယ်မြေခံတပ်ရင်း ခမရ ၅၄၀ နဲ့ အေအေတပ်ဖွဲ့တို့ စိုးမိုးဘုရားကုန်းအနီးမှ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မြောက်ဦးမြို့တွင်း နေရာအချို့မှာလည်း ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင် ဗိုလ်မှူးဝင်းဇော်ဦးက “မနေ့ညက ၉ နာရီလောက်မှာ မြောက်ဦးမြို့ရဲ့လုံခြုံရေးအတွက် တပ်တွေ လှုပ်ရှားတာတွေ ရှိတယ်။ အဲ့ဒီလို လှုပ်ရှားစစ်ကြောင်းတွေကို အေအေအဖွဲ့ကနေပြီး နေအိမ်တွေ ဘုရားတွေနဲ့ အဆောက်အဦတွေကို ကာဗာယူပြီး ပစ်ခတ်လာတဲ့အတွက် ကျနော်တို့ဘက်က ပြန်လည်ပစ်ခတ် ရတာဖြစ်တယ်။ ရန်သူဘက်က တိုက်ခိုက်မှုမရှိဘဲ တပ်ဘက်က ပစ်ခတ်တာတော့မရှိဘူး။ မြောက်ဦးမြို့ရဲ့ လုံခြုံရေး ဌာနဆိုင်ရာတွေရဲ့ လုံခြုံရေးအတွက် တပ်မတော်က ဆောင်ရွက်နေ တာတွေ ရှိတယ်။ အဲ့ဒါကို သူတို့ကလာပြီး တိုက်ခိုက်လာတဲ့အတွက် တပ်မတော်က ပြန်လည် တိုက်ခိုက်ရတာဖြစ်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့မှာ ဈေးတွေဆိုင်တွေ ပိတ်ထားကာ မြို့ခံ ပြည်သူလူထုတွေ ဘေးလွတ်ရာသို့ တိမ်းရှောင် ထွက်ပြေးခဲ့ကြပါတယ်။
မြောက်ဦးဒေသခံတဦးက “နှစ်ဖက် အပြန်အလှန်ပစ်တာ မရှိပါဘူး။ တပ်မတော်က ကားလမ်း တလျှောက်ပစ်ခတ်သွားတာသာ ဖြစ်တယ်။ ဥပမာ စဉ်းစားကြည့်ဗျာ ကမ္ဘောဇဘဏ်က မြောက်ဦးမြို့ ဆန်ချဆိပ်မှာ ရှိတယ်။ အေအေအဖွဲ့က ကမ္ဘောဇဘဏ်ထဲမှာပုန်းနေလို့လား အခု ကမ္ဘောဇဘဏ်မှာ ကျည်ထိမှန်ပြီး မှန်တွေကွဲသွားတာရှိသလို ကျည်ကျဒဏ်ရာတွေ အများကြီးပါ” လို့ ပြောပါတယ်။
မနေ့က တိုက်ပွဲကြောင့် မြောက်ဦးမြို့နယ်၊ ကိုးသောင်းဘုရား အနီးရှိ ရွာဟောင်းတော ကျေးရွာက ဒုတိယတန်း ကျောင်းသား ၁ ဦးနဲ့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ဦး၊ အလယ်ဈေးအုပ်စု ကအမျိုးသမီး ၁ဦး စုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရသွားလို့ မြောက်ဦးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဗညား