Home
မြန်မာသတင်း
တပ်မတော်သားပါဝင်မှု လွှတ်တော်သက်တမ်းအလိုက် လျော့ချရန် အန်အယ်လ်ဒီ ပြင်ဆင်ချက်တင်
နေဖြိုးဝင်း
·
March 18, 2019
အန်အယ်လ်ဒီ ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လွှတ်တော်ထဲမှာ တပ်မတော်သား ပါဝင်မှု ၂၅ ရာခိုင်နှုန်းကို လွှတ်တော်သက်တမ်းအလိုက် လျော့ချသွားဖို့ ပြင်ဆင်ချက်တင် ခဲ့တယ်လို့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။ မတ်လ ၁၈ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ သတ္တမမြောက်(၇/၂၀၁၉) အစည်းဝေးကို လွှတ်တော်ဝန်းထဲက ပြည်ထောင်စုလွှတ်တော် ဒုတိယထပ်အစည်းဝေးခန်းမှာ ပြုလုပ်ခဲ့ပါ တယ်။ ဒီကနေ့အစည်းဝေးမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၄ ဥပဒေပြုရေးအခန်း ပြင်ဆင်ရေးကို ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ရေးကို ပါတီအလိုက် ပြင်ဆင်ချက်တွေ တင်တာမှာ အန်အယ်လ်ဒီက အခုလို ပြင်ဆင်ချက်တင်ခဲ့တာလို့ ကိုယ်စားလှယ်တဦးက ဆိုပါတယ်။ "အန်အယ်လ်ဒီကတော့ လျော့ချတယ်ပေါ့။ ရာခိုင်နှုန်းအတိုင်း သုံးကြိမ် လျော့ချဖို့ တင်တယ်။ သုံးကြိမ်ဆိုတာ အခု ဒုတိယအကြိမ်ပေါ့။ တတိယအကြိမ်မှာ လျော့မယ်။ စတုတ္တအကြိမ်မှာ လျော့မယ်။ ပဉ္စမအကြိမ်မှာ လျော့မယ်။ ငါးနှစ် ငါးနှစ်တာ သုံးကြိမ်လျော့မယ်။ ၁၅၊ ၁၀၊ ၅ ပေါ့၊ အဲဒါဆို တတိယအကြိမ်မှာ ဇီးရိုးပေါ့" လို့ အဆိုပါ ကိုယ်စားလှယ်က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဦးအောင်ကြည်ညွန့်ကို မေးမြန်းရာမှာတော့ သူတို့ပါတီကနေ ဘာတွေပြင်ဆင်ဖို့ တင်ထားတယ်ဆိုတာကိုတော့ ထုတ်ပြောလို့ မရသေးကြောင်း ဆိုပါတယ်။ "တို့ပါတီက ဘာတွေပြင်လဲ ဆိုတာတော့ လောလောဆယ်ထိ တရားဝင်ဘာမှ ထုတ်ပြောလို့ မရသေးဘူး" လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ ရခိုင်အမျိုးသားပါတီကတော့ လွှတ်တော်ထဲမှာ တပ်မတော်သားပါဝင်တာကို လုံးဝမထည့်ဖို့ ပြင်ဆင်ချက်တင်သွင်းထားတယ်လို့ ဆိုပါတယ်။ "တပ်မတော်သားကိုယ်စားလှယ် အချိုးအစားပါဝင်ရေးမှာတော့ ကျနော်တို့ပါတီက လျော့ချရေး မဟုတ်ဘဲ လုံးဝအပြတ်ပဲ။ လုံးဝမထည့်ဘူး” လို့ ဦးအောင်ကျော်ဇံက ပြောပါတယ်။ ဒါ့အပြင် သူတို့ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်ပဲ ထားပြီး ပြည်ထောင်စုလွှတ်တော်ကို မထားဘဲ ဖြုတ်ချဖို့ ပြင်ဆင်ချက်တင်ထားတယ်လို့လည်း ဦးအောင်ကျော်ဇံက ဆိုပါတယ်။ ဒီကနေ့ အစည်းအဝေးမှာ အခန်း ၄ ကို ဆွေးနွေးကြတာမှာ ပုဒ်မ တဝက်လောက်ပဲ ပြီးသေးပြီး ပြင်ဆင်ချက် လုံးဝ မတင်တဲ့ ပါတီတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၄ မှာ ပုဒ်မ ၇၄ ကနေ ပုဒ်မ ၁၉၈ ထိ ရှိပြီး လွှတ်တော်တွေရဲ့ ဖွဲ့စည်းပုံနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သူတို့ရဲ့ အရည်အချင်းသတ်မှတ်ချက် စတာတွေ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024