ပျက်ကျ အီသီယိုးပီးယားလေကြောင်း လေယာဉ်မှူးခန်းမှအသံများ ကူးယူ၊ စုံစမ်းစစ်ဆေးသူများထံ ပေးပို့မည်

ပြီးခဲ့တဲ့သီတင်းပတ်က ပျက်ကျခဲ့တဲ့ အီသီယိုးပီးယားလေယာဉ်ရဲ့ လေယာဉ်မှူးအခန်းတွင်း အသံဖမ်းစက် (CVR) ထဲက အသံတွေကို ကူးယူထားပြီးပြီလို့ ပြင်သစ် စုံစမ်းစစ်ဆေးရေးနဲ့ အရပ်ဘက် လေကြောင်းပျံသန်းရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအဖွဲ့ (BEA) က မတ်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။ အီသီယိုးပီးယား လေကြောင်းလိုင်းရဲ့ Boeing 737 MAX 8 အမျိုးအစား Flight 302 လေယာဉ်ဟာ မတ်လ ၁၀ ရက်နေ့က အီသီယိုးပီးယား မြို့တော် အက်ဒီဆာဘာဘာကနေ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီကို ပျံသန်းလာစဉ် လေဆိပ်ကနေ စထွက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လေယာဉ်အမှုထမ်း ၈ ဦး အပါအဝင် စုစုပေါင်း ၁၅၇ ဦး သေဆုံးခဲ့ပါတယ်။ CVR မှတ်တမ်းနဲ့ လေယာဉ်ပျံသန်းတဲ့ အချက်အလက်တွေကို အလိုအလျောက် မှတ်တမ်းရယူထားတဲ့ အဲဒီလေယာဉ်ရဲ့ လေကြောင်းပျံသန်းမှု မှတ်တမ်း သေတ္တာနက် "black boxes" တွေကို မတ်လ ၁၁ ရက်နေ့က ရှာတွေ့ခဲ့ပါတယ်။ အီသီယိုးပီးယား အာဏာပိုင်တွေရဲ့ တောင်းဆိုချက်အရ အဲဒီ "black boxes" ကို စစ်ဆေးဖို့ ပြင်သစ်နိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီ "black boxes" ထဲမှာပါတဲ့ လေယာဉ်မှူးခန်းအတွင်း အသံမှတ်တမ်းဖိုင်ထဲက အသံတွေကို ကူးယူထားပြီး အီသီယိုးပီးယား စုံစမ်းစစ်ဆေးသူတွေဆီကို ပေးပို့သွားမယ်လို့ BEA အဖွဲ့က ပြောပါတယ်။ မှတ်တမ်းဟာ ၂၀၁၈ အောက်တိုဘာက ပျက်ကျတဲ့ အမျိုးအစားတူ လေယာဉ်ကနေရတဲ့ မှတ်တမ်းနဲ့ တူနေတယ်လို့လည်း မီဒီယာတွေက ဖော်ပြကြပါတယ်။ လေယာဉ်ပျက်ကျတဲ့ မတော်တဆမှုနဲ့ ပတ်သက်ပြီး မှန်ကန်တိကျတဲ့ အချက်အလက်တွေ ရဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားအားထုတ်နေပါတယ်။ ဒါပေမယ့် အချိန်ကြာကောင်း ကြာနိုင်တယ်လို့ အီသီယိုးပီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဆာရာဂ်ျ ဖီဂီဆာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up