အသံကျယ်ကြီးဟောက်သည့် ရည်းစားကို သေနတ်ဖြင့်ပစ်သည့် အမျိုးသမီး

ဓာတ်ပုံ - Facebook
အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာနေထိုင်တဲ့ အမျိုးသမီးတဦးဟာ အိပ်ချိန်မှာ အသံအကျယ်ကြီးဟောက်တတ်တဲ့ အတူနေချစ်သူကို သေနတ်နဲ့ပစ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက် ဒီစုံတွဲနေထိုင်တဲ့ အယ်မာရယ်လိတ်လန်းက ရွေ့လျားအိမ်မှာ ဖြစ်ပွားခဲ့ပြီး သေနတ်နဲ့ပစ်ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် လိုရီမိုရင်ဆိုသူကို လူသတ်ရန်ကြိုးစားမှု၊ အပြင်းအထန် ထိခိုက်နာကျင်စေမှုတို့နဲ့ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။ အပစ်ခံရတဲ့ လိုရီမိုရင်ရဲ့ချစ်သူ ဘရတ်အောဂွတ်ဟာ ဒဏ်ရာကြောင့် ဆေးရုံကို ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီပစ်ခတ်မှုကို အစပိုင်းက မတော်တဆမှု တခုလို့သာ ယူဆခဲ့ကြပေမယ့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ချိန်မှာတော့ ဒီပစ်ခတ်မှုမတိုင်ခင် ဒီစုံတွဲဟာ ဟောက်သံနဲ့ပတ်သက်တဲ့ ကိစ္စကြောင့် စကားများ ရန်ဖြစ်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ဟောက်သံကြောင့် သူတို့နှစ်ဦးကြား မပြေလည်မှုဟာ တင်းမာခဲ့ရပြီး နောက်ပိုင်းမှာ မိုရင်က သေနတ်ကိုထုတ်ကာ သူ့ရည်းစားရဲ့ ညာဘက်ချိုင်းကြားကို ပစ်ခဲ့ပါတယ်။ ပစ်ခတ်မှုမဖြစ်ခင်မှာ မိုရင်ဟာ အရက်သေစာ သောက်စားထားတယ်လို့လည်း ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ “အိပ်ပျော်နေတဲ့အချိန်မှာ အပစ်ခံခဲ့ရတာဖြစ်ပြီး သေနတ်သံကြောင့် နိုးသွားပေမယ့် နိုးလာချိန်မှာ သွေးအိုင်ထဲ လဲနေကာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရတယ်” လို့လည်း အောဂွတ်က ဒေသတွင်းသတင်းတွေကို ပြောပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဉ်ဟာ လိုရင်တို့ရဲ့ အိမ်နီးချင်းတွေ အားလုံးကို အံ့အားသင့်စေခဲ့ပြီး ဟောက်သံကြောင့် သေနတ်နဲ့ပစ်တာတော့ ရူးနှမ်းတဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း အိမ်နီးချင်းတဦးက မှတ်ချက်ပြုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up