Home
မြန်မာသတင်း
နေရပ်ပြန်လိုပေမယ့် မပြန်ရဲ ဖြစ်နေသည့် မြောက်ဦးဒုက္ခသည်များ၏ ဖွင့်ဟချက်
DVB
·
March 17, 2019
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ် ကျေးရွာလေးရွာက အိုးအိမ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၅၀၀ ကျော်ဟာ နေရပ်ကို ပြန်ချင်ပေမယ့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားမှာ စိုးရိမ်တာကြောင့် နေရပ်ပြန်လိုပေမယ့် မပြန်ရဲကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ဒီဗွီဘီကို မေးမြန်းထားပါတယ်။ မြောက်ဦးမြို့နယ်က ဘုရားကြီးကျေးရွာ၊ မြိုရွာဟောင်း၊ မြိုရွာသစ်ကျေးရွာ၊ ကျောက်တံတားကျေးရွာစတဲ့ ကျေးရွာလေးရွာက မတ် ၃ ရက်နေ့က စင်းဘော်ကိုင်းကျေးရွာကို ထွက်ပြေးလာကြပြီး စင်းဘော်ကိုင်ကျေးရွာမှာ ယာယီနေထိုင်နေကြတာပါ။ ဦးမောင်သန်းအောင် (ဘုရားကြီးကျေးရွာ) “ကျနော်တို့က ပြန်ချင်တယ်။ ဒါပေမယ့် မပြန်ရဲဘူး။ အဲ့ဒီဘက်တိုက်ပွဲတွေလည်း ရှိတယ်လို့ပြောသံကြားတယ်။ ကျနော်တို့ မတ်လ ၃ ရက်နေ့က တိုက်ပွဲတွေဖြစ်လို့ ရွာကလူတွေအားလုံး ထွက်ပြေးလာကြ တာပါ။ ရွာဒေသခံ ၆ ယောက်ကို ဖမ်းဆီးခဲ့တယ်။ တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်တယ်။ ထိခိုက်ဒဏ်ရာရမှာကို ကြောက်တယ်။ အဲ့ဒါကြောင့်ကြောက်ပြီး ထွက်ပြေးလာတယ်။” မချမ်းသာ (မြိုကျေးရွာသစ်) “စစ်သားတွေကိုကြောက်လို့ ထွက်ပြေးလာတယ်။ နောက်ထပ်တိုက်ပွဲတွေဖြစ်မလားပေါ့။၊ နောက်ထပ်ရွာကို လက်နက်ကြီး တွေ ကျမလားလို့ စိုးရိမ်မိတယ်။ ပြန်ချင်တယ်။ ဒါပေမယ့် မပြန်ရဲဘူး။ ဒီမှာဖြစ်သလိုနေမယ်။ ဖြစ်သလိုစားမယ်။ကြောက်တယ်။ မပြန်ရဲဘူး။” ဒေါ်စိန်နုဖြူ (မြိုရွာဟောင်း) “အဲ့ဒီမှာ ကွဲနွားတွေကို ထားခဲ့ရတယ်။ လယ်မြေတွေကို ထားခဲ့ရတယ်။ ပြန်ချင်ပါတယ်။ အသက်ထက် ဘာမှအရေးမကြီးထင်လို့ မပြန်ဘူး။ ဒီမှာ ပိုလုံခြုံတယ်လို့ ခံစားရတယ်။ တိုက်ပွဲတွေကို ရပ်ပေးစေချင်တယ်။ ကျမတို့ တော်တော်ကို ဒုက္ခသည်တွေ ရောက်နေကြပါပြီ၊ စစ်တွေတွေကို ရပ်ပေးကြဖို့ လူကြီးတွေကိုပြောပါ။” မြတန်ဆောင်ဆရာတော် “ဦးဇင်းတို့က ဒီဒုက္ခသည်စခန်း ၅ ရက်နေ့ စဖွင့်တာပေါ့လေ။ အဲ့ဒီမှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေပါ။ အခုဆိုရင် စစ်ဘေးရှောင် ဒုက္ခသည် ၁၅၀၀ ကျော်ရှိပါတယ်။ လောလောဆယ်မှာတော့ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်တွေလိုမယ်။ အရင်ကတော့ ICRC တို့ လာထောက်ပံ့ပေးတယ်။ လူကယ်ပြန်တို့ လာရောက်ထောက်ပံ့တယ်။ လူမှုအဖွဲ့အစည်းတွေ လာကြပါတယ်။” မြောက်ဦးမြို့နယ်ကျေးရွာလေးရွာက စစ်ဘေးရှောင်ဒုက္ခသည် ၁၅၇၃ ဦးနဲ့ အိမ်ထောင်စု ၂၈၈ စု၊ စင်ဘော်ကိုင်းကျေးရွာက စာသင်ကျောင်းတွေမှာ လက်တလှောခိုလှုံနေကြရပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက သူနာပြုဆရာမတွေကို အလှည့်ကျ ကျန်းမာရေးစောင့်ရှောက်တာတွေ လုပ်ပေးထားတယ်လို့ အဲ့ဒီမှာ တာဝန်ကျနေတဲ့ သူနာပြုဆရာမ ဒေါ်မျိုးမျိုးဆန်းက ဒီဗွီဘီကိုပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်း အေအေနဲ့ တပ်မတော်တို့ စစ်ရေး တင်းမာနေ တာကြောင့် စစ်ဘေးရှောင် ၁ သောင်းကျော်လောက် ရခိုင်ပြည်နယ်က မြို့နယ် ၆ ခုလောက်မှာ ခိုလှုံနေကြရပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024