Home
မြန်မာသတင်း
ဇက်ရေယာဉ်ကို ပစ်ခတ်မီးရှို့ရခြင်းအကြောင်း အေအေ ရှင်းလင်း
DVB
·
March 17, 2019
ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကျောက်ဖျာကျေးရွာနဲ့ ဆင်အိုးဝကျေးရွာကြာ ကုလားတန်မြစ်အတွင်း ဆောက်လုပ်ရေးပစ္စည်းတင် ဇက်ရေယာဉ်တစီးကို မတ် ၁၆ ရက် ညနေပိုင်းမှာ အေအေအဖွဲ့က  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မီးရှို့ခဲ့ပါတယ်။ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဇက်ရေယာဉ်ဟာ မြစ်၏အရှေ့ဘက်ကမ်းမှာ ရပ်တန့်သွားခဲ့တယ်၊ အေအေအဖွဲ့က စက်လှေနဲ့ ဇက်ရေယာဉ်ကို လာရောက်ပြီး ရေယာဉ်မောင်း အပါအ၀င် ၁၂ ဦးကို ကုန်းပေါ် တက်ခိုင်းကာ ရေယာဉ်စက်ခန်း မီးရှို့ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော်(အေအေ)ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ မှာ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ဗမာ့တပ်မတော်ဘက်ကနေ ပုဂ္ဂလိက ရေယာဉ်တွေ၊ ပုဂ္ဂလိကကားတွေကို အသုံးပြုပြီးတော့ သူတို့က စစ်လက်နက်ပစ္စည်းပို့ဆောင်တာတို့၊ နောက်ပြီး စစ်သားအင်အားတွေ ပို့ဆောင်တာတို့ အဲဒါမျိုးတွေ လုပ်နေတယ်။ အဲဒါကြောင့်မို့လို့ စစ်မြေပြင်ထဲကို ဝင်လာတဲ့ အဓိက အကြီးစားပို့ဆောင်ရေး ရေယာဉ်တို့ကို ကျနော်တို့ဘက်က တော့ ရပ်တန့်တားဆီးတာတွေလုပ်ရမယ့် ဥစ္စာကတော့ အထက်ကလည်း ညွှန်ကြားပြီးသား ရှိပါတယ်” လို့ ပြောပါတယ်။ အဲဒီ MV ရတနာဝင်း ရေယာဉ်ဟာ ပလက်ဝတံတားစီမံကိန်းမှာ အသုံးပြုဖို့ လိုအပ်နေတဲ့ ငွေကျပ် ၁ ဒသမ ၀၇၂ ဘီလီယံဖိုး တန်ဖိုးရှိတဲ့ သံပေါင် ၂၅၆ ဒသမ ၀၈၅ တန်၊ သံပေါင်ထိုင်ခုံ ၂၄ ဒသမ ၉၆ တန်၊ သုတ်ဆေး ၀ ဒသမ ၃၅ တန်၊ High Tenbosion Bolt ၄ ဒသမ ၈၃၅ တန်တို့ကို တင်ဆောင်ပြီး ရန်ကုန်က စစ်တွေ၊ ကျေက်တော်တို့ကနေတဆင့် ပလက်ဝကို လာရာလမ်းမှာ တိုက်ခိုက်ခံခဲ့ရတာလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရေယာဉ်ပေါ်ပါလာကြတဲ့ ဝန်ထမ်းတွေကိုလည်း အေအေက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း၊ လက်ရှိမှာတော့ တံတားအထူး အဖွဲ့ (၁) စီမံကိန်းလုပ်ငန်းခွင်ကို ပြန်လည်ရောက်ရှိ နေကြပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ဝန်ထမ်းအရေအတွက် ကိုတော့ အစိုးရက ဖော်ပြမထားပါဘူး။ အဲဒီရေယာဉ်ပေါ်မှာ တပ်မတော်သားတွေ ပါလာတဲ့အတွက် ပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ရေယာဉ်ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာ မရှိဘူးလို့လည်း အေအေဘက်က ငြင်းပါတယ်။ လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်း အေအေနဲ့ တပ်မတော်တို့ စစ်ရေး တင်းမာနေ တာကြောင့် စစ်ဘေးရှောင် ၁ သောင်းကျော်လောက် ရခိုင်ပြည်နယ်က မြို့နယ် ၆ ခုလောက်မှာ ခိုလှုံနေကြရသလို ဒေသခံအရပ်သားတွေ ဖမ်းဆီးခံရတာ၊ မိုင်းထိ သေဆုံးတာတွေလည်း မကြာမကြာ ဖြစ်ပေါ်နေပါတယ်။ သတင်း-ဝဏ္ဏခွာညို  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024