Home
မေးမြန်းခန်း
လင်မယားပြဿနာနှင့် တလင်တမယားဥပဒေ
DVB
·
March 17, 2019
အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှု၊ တလင်တမယားဥပဒေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွေကနေ မေးမြန်းလာတာတွေကို တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းအား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ကျနော်တို့လင်မယားပေါင်းသင်းလာတာ ကလေးနှစ်ယောက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်လခန့်က ကျနော့်မိန်းမက  ယောက်ကလျာနဲ့ လိုက်ပြေးသွားပါတယ်။ ပြန်ခေါ်လို့လည်း မရပါဘူး။ ကျနော်နဲ့ပြန်မပေါင်းချင်ဘူးလို့ပြန်ပြောပါတယ်။ ဒီကိစ္စကို တလင်တမယားဥပဒေနဲ့ တရားစွဲလို့ရမရ သိချင်ပါတယ်။ ကျနော့် အနေနဲ့ ကလေးနှစ်ယောက်ရဲ့ ရှေ့ရေးကို စဉ်းစားပြီး သူနဲ့ မပြတ်စဲနိုင်ပါဘူး။ ဥပဒေအရ ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ပါတယ်။ ဖြေ။ ယောက်ကလျာနဲ့လိုက်ပြေးတာနဲ့ပက်သက်လို့ ဥပဒေပြဿနာရှိပါတယ်။ ဒီမြန်မာနိုင်ငံမှာ လင်မယားအဖြစ်နဲ့ လက်ထပ်ခွင့်က ကျား၊ ကျားချင်း လက်ထပ်ခွင့်မရှိပါဘူး။ မ၊ မချင်း လက်ထပ်ခွင့်မရှိပါဘူး။ မိန်းမလျာချင်း၊ ယောက်ကလျာချင်း လက်ထပ်လို့မရပါဘူး။ ကျားနဲ့မနဲ့သာလျှင် လက်ထပ်ခွင့်ရှိတဲ့အတွက် လင်မယားအရာရောက်ဖို့ ဆိုရင်တော့ ဒါ ကျားနဲ့မနဲ့ဖြစ်ဖို့လိုပါတယ်။ အခုက ဒီလိုလိုက်ပြေးတဲ့ကိစ္စကတော့ တလင်တမယား ကာကွယ်ရေး ဆိုင်ရာဥပဒေနဲ့ကတော့ အရေးယူလို့မရပါဘူး။ ဒါပေမယ့်လည်း ဆက်ပြီး ဆွေးနွေးပေးရမယ်ဆိုရင် ဒီကိစ္စက မိမိရဲ့ဇနီးကို ခေါ်သွားတဲ့ကိစ္စမှာပေါ့နော်၊ သူ့ရဲ့အကြောင်းအချင်းအရာအရ ဖြားယောင်းသွေးဆောင်မှု မြောက်မယ်ဆိုရင်ပေါ့ ကျနောတို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၂ အရ ဒါဖြားယောင်းသွေးဆောင်မှုနဲ့ ကျနော်တို့ စွဲလို့ရပါတယ်။ နောက်တခုကတော့ မိမိမယားဖြစ်နေတဲ့အတွက် ပြန်လည်းပေါင်းသင်း ချင်နေတယ်ဆိုရင်တော့ တရားမကြောင်းနဲ့ မယားခေါ်လိုမှုနဲ့ စွဲလို့ရပါတယ်။ မေး။  ကျမယောကျာ်းက လွန်ခဲ့သုံးနှစ်ကျော်က အလုပ်လုပ်ဖို့ဆိုပြီး မလေးရှားကို ထွက်သွားပါတယ်။ တနှစ်ကျော်လောက်အထိ ငွေပို့ခဲ့ပါတယ်။ နှစ်နှစ်နီးပါးကြာတဲ့အချိန်မှာ သူနောက်မိန်းမ ယူလိုက်ပြီ၊ ငွေမပို့နိုင်တော့ဘူး။ နင်လည်း နင့်လမ်းနင်သွားတော့ဆိုပြီး ဖုန်းဆက်လာပါတယ်။ ဒီအချိန်မှာ သူပြောတဲ့ စကားသံကို စပီကာ ဖွင့်ထားတဲ့အတွက် ကြားရတဲ့ သက်သေနှစ်ယောက်လည်းရှိပါတယ်။ ကျမလည်း အားကိုးရာမရှိတော့ နောက်အိမ်ထောင်ပြုလိုက်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ခြောက်လလောက်က သူပြန်ရောက်လာပြီး ကျမကို တလင်တမယားဥပဒေနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတဲ့အတွက် ကျမရှောင်တိမ်းနေရပါတယ်။ ကျမအနေနဲ့ အမှုရင်ဆိုင်ရမှာကို မကြောက်ဘူး။ ဒါပေမယ့် အချုပ်ထဲနေရပြီး အမှုမရင်ဆိုင်ချင်ဘူး။ ဒီကိစ္စကို ဥပဒေအရ ဘယ်လို ဆက်လုပ်လို့ရမလဲဆိုတာ သိချင်ပါတယ်။ ဖြေ။ ခင်ပွန်းလုပ်တဲ့သူက ပြန်လာပြီး သူ့အပေါ်မှာ တလင်တမယားဥပဒေနဲ့ တရားစွဲတဲ့အခါမှာ သူက တရားစွဲခံရတဲ့အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတခုတော့ ရောက်သွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ ထောင် ဒဏ် ၇ နှစ်အထိ အပြစ်ပေးနိုင်တဲ့အခါကျတော့ အာမခံတို့ ဘာတို့ဆိုတာတွေကိုလည်း ထည့်စဉ်းစားရတာပေါ့။ ဒီနေရာမှာ မေးခွန်းမှာပါတဲ့ အဓိကကျတဲ့အချက်က သူတယ်လီဖုန်းဆက်တယ်။ နောက်အိမ်ထောင်ပြုလိုက်ပြီး နောက်မင်းလည်း ကိုယ့်လမ်းကိုယ့်လျှောက်တော့ ဆိုဟာကို ပြောစကားကို ကြားတဲ့ သက်သေနှစ်ယောက်ကလည်း ရှိနေတယ်။ ဒီသက်သေနှစ်ယောက် အခိုင်အမာရယ်၊ နောက်ပြီးတော့ သူ့က အိမ်ထောင်ပြုလိုက်လို့ ပြောတဲ့အချက်အလက်တွေပေါ့။ ဒီအချက်အလက်တွေအရ ဆိုရင်တော့ အခုသူက တလင်တမယားစနစ်နဲ့ စွဲတဲ့ကိစ္စဟာ မမှန်မကန်ပေါ့။ တမင်အပြစ်ရရှိစေရန် စွဲတဲ့သဘော ဖြစ်နေတယ်။ အဲဒီတော့ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ မှာ လူတယောက်ကို တမင်ဒုက္ခရောက်စေခြင်လို့၊ နစ်နာစေခြင်လို့ မမှန်မကန်လိမ်လည်ပြီး အမှုစွဲမယ်ဆိုရင် ၂၁၂ နဲ့ ကိုယ့်ဘက်က ပြန်ပြီး စွဲနိုင်တယ်။ အဲဒီတော့ တိတိကျကျပြောပါဆိုလို့ရှိရင် တကယ်လို့သာ ကိုယ့်ဘက်က ဒီလိုပြောဆိုလို့ နောက်အိမ်ထောင်ပြုခဲ့တာမှန်ရင် ဒီအမှုကို ခုခံတဲ့အခါမှာ သူ့စွဲထားတဲ့ရုံးမှာပဲ ဒီစွဲထားတဲ့အမှုက မမှန်မကန် ဖန်တီးပြီးတော့ တမင်အပြစ်ရစေအောင် ဒုက္ခပေးချင်လို့ စွဲတာပါဆိုတဲ့တိုင်ချက်ကို ဦးတိုက်စွဲပြီးတော့ အဲဒီရုံးမှာပဲ ဦးတိုက်စွဲဖို့ လိုပါတယ်။ ဦးတိုက်စွဲပြီးတော့ ဟိုအမှုနဲ့ဒီအမှု အပြန်အလှန်ဖြစ်သွားတဲ့အပေါ်မှာ တရားရုံးကနေပြီး အမှန်တရားကို ဆုံးဖြတ်နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ နောက်တခုက တရားမကြောင်းနဲ့လည်း သွားလို့ရပါတယ်။ လင်မယား နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း မွက်ဟကြေညာပေးစေလိုမှုဆိုပြီးတော့ တရားမမှုဖွင့်ပြီး သူစွဲတဲ့ရာဇဝတ်မှုကိုလည်း ကာနိုင်ပါတယ်။ တဖက်ကလည်းပဲ ၂၁၂ နဲ့ အကာအကွယ် ပေးနိုင်ပါတယ်။ မေး။ ကျနော့်ရဲ့ လက်ရှိဇနီးဟာ အိမ်ထောင်ကွဲပါ။ ကလေးနှစ်ယောက်ပါပြီး အရွယ်ရောက်နေပါပြီ။ အကြီးကောင်က မူးယစ်သောက်စားပြီး မကြာခဏဆိုသလို ကျနော့်ကို ရန်ရှာတဲ့အတွက် မကြာခဏ ရှောင်တိမ်းနေရပါတယ်။ ရဲစခန်းမှာ သွားပြောလို့ ရဲက ခံဝန်ချက်ထိုးခိုင်းပေမယ့် သူကလက်မှတ်မထိုးပါဘူး။ ဒါကြောင့် ကျနော်လည်း အိမ်ပေါ်က ဆင်းလာခဲ့ပါတယ်။ ဒါကို မိန်းမက သူ့သားဘက်လိုက်ပြီး ကျနော်နဲ့ မပေါင်းနိုင်တော့ဘူးလို့ ပြောနေပါတယ်။ ကျနော်ကတော့ မကွဲချင်ပါဘူး။ ဥပဒေအရ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ သိလိုပါတယ်။ ဖြေ။ ဒီမေးတဲ့မေးခွန်းကတော့ ဥပဒေပိုင်ဆိုင်ရာထက် လူမှုရေးရာ ပြဿနာဖြစ်ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေက လူမှုရေးကိစ္စတွေဖြစ်ပါတယ်။ လူမှုရေးနဲ့နွယ်ပြီးတော့ ပထမ ပြောချင်ပါတယ်။ ပြောချင်တယ်ဆိုတာက အခု အိမ်ထောင်တခုကို ကြည့်လိုက်မယ်ဆိုရင်တော့ လူမှုဆက်ဆံရေး သဘောတရားအရ ပထွေးဆိုတဲ့ပုံစံရယ်၊ နောက် မယားဘက်က ပါလာတဲ့ မယားပါသားဆိုတဲ့ ပုံစံရယ်၊ ဒီဆက်ဆံပုံစံရယ် ကြားထဲက အမေလုပ်သူရဲ့ ပုံစံရယ်၊ ဒီသုံးပွင့်ဆိုင်မှာ လူမှုရေးပြဿနာကို အကောင်းဆုံး ဖြေရှင်းတဲ့ နည်းကတော့ မေတ္တာတရားနဲ့ပဲ သွားဖို့လိုပါတယ်။ မိမိကိုယ်တိုင်ကလည်း မိန်းမဘက်က ပါလာတဲ့ကလေးအပေါ်မှာ ဖခင်စိတ်ဓာတ်လေးနဲ့ မေတ္တာတရားလေးနဲ့ ထားဖို့၊ ကလေးကလည်း ကိုယ့်ရဲ့ဖခင်ပုံစံမျိုး ဒီဆက်ဆံရေးပြောင်းပြီးတော့ ခုနက ပြောသလို တိုင်တာတောတာတို့ အရေးယူဆိုတာထက် ဒါနောက်ဆုံး မူးယစ်ဆေးဝါးဥပဒေပေါ့၊ နောက်ဆုံး ပြဋ္ဌာန်းလိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေက ဘယ်လိုပြဋ္ဌာန်းထာားသလဲဆိုတော့ သုံးစွဲတဲ့သူကို အရေးယူဖို့က ထောင်ဒဏ်ဖြတ်လိုက်တယ်။ ကုသမှုနဲ့ လူမှုရေးပြစ်ဒဏ်ကို ဦးစားပေးလိုက်တဲ့အခါကျတော့ ဒါကတော့ ဒီပုံစံအတိုင်း သွားဖို့ရှိပါတယ်။ ဒီမူးယစ်ဆေးဝါးသုံးစွဲတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေ မူးယစ်သုံးတဲ့အခါမှာ လူစိတ်ပျောက်သွားတယ်။ လူစိတ်ပျောက်သွားတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ရာဇဝတ်မှုတွေ၊ အမေကိုပြန်ပြီးတော့ ရန်မူတာတွေ၊ ဆွေမျိုးတွေပြန်ပြီး ရန်မူတာတွေ ဖြစ်လာနိုင်တဲ့ဟာတွေ၊ အိမ်ကပစ္စည်းကို ခိုးတာတွေ၊ နောက်ဆုံးလုံးဝလူစိတ်ပျောက်ပြီး မိမိရဲ့ဆွေမျိုးသားချင်း၊ သက်ငယ်မုဒိမ်း စသည်ဖြင့် ဒီဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို မိမိရဲ့ဇနီးမယားကို သေချာလေးရှင်းပြပြီးတော့ သဘောပေါက်မယ်။ ခုနက ပြောသလို သားကိုလည်း သေချာရှင်းပြပြီးတော့ သဘောပေါက်မယ်ဆိုခဲ့လိုရှိရင် လုပ်ရမယ့်နည်းလမ်း ကတော့ သုံးပွင့်ဆိုင်ညှိပြီးတော့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသွားပြီးတော့ သက်ဆိုင်ရာ ရဲစခန်းမှာ သွားပြီးတော့ ဆေးဝါးကုသပေးပါ။ အနာဂတ်အတွက်၊ သူ့အတွက် ကောင်းအောင်လုပ်ပါဆိုတာ ကာယကံရှင်ကလည်း လက်ခံမယ်။ ဒီမိခင်ကလည်း ဖြောင့်ဖျမယ်ဆိုလို့ရှိရင် ဒီလိုနည်းနဲ့ဘဲ ဖြေရှင်းတာ အကောင်း ဆုံးပါပဲ။ အဓိကတော့ မှုယစ်ဆေးဝါးဥပဒေ ပုဒ်မ ၁၅ အရသူ့ကို ဆေးဝါးကုသမှုဘာညာ သင်တန်းတို့ခံယူဖို့ လုပ်ဖို့ပါဘဲ။ မေး။ ကျမနဲ့ ခင်ပွန်းတို့ လက်ထပ်ပြီး တနှစ်ကျော်အကြာမှ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ကျမ မိဘအိမ်ကို ပြန်သွားပါတယ်။ ကျမက တရားဝင်ကွာရှင်းခွင့်တောင်းလည်း သူက လက်မှတ်မထိုးပေးနိုင်ဘူးလို့ပြောနေပါတယ်။ ကျမကတော့ သူနဲ့ ဘယ်လိုမှ ပြန်မပေါင်းနိုင်တော့ပါဘူး။ သိလိုတာက အတူမပေါင်းဘဲ ဘယ်နှနှစ်ကြာရင် လင်မယားအဖြစ်မှ ကွာရှင်းပြီးသားဖြစ်ပါသလဲ။ သူကနောက်အိမ်ထောင်ပြုရင်၊ ဒါမှမဟုတ် ကျမက နောက်အိမ်ထောင်ပြုရင် ကွာရှင်းပြီးသားဖြစ်ပါသလားဆိုတာ သိချင်ပါတယ်။ ဖြေ။ ဒီမေးခွန်းကတော့ မြန်မာဓလေ့ထုံးတမ်းဥပဒေရဲ့ ဓမ္မသတ် ၃၆ တွဲမှာ ဖော်ပြထားပေးပြီးသား ဖြစ်ပါတယ်။ အဲဒါကတော့ ဘာလဲဆိုရင်တော့ မယားကနေပြီး အိမ်ပေါ်ကနေ ဆင်းသွားတယ်။ ဆင်းသွားတဲ့အချိန်မှာ ဟင်းတရွက်၊ ထင်းတချောင်း ခင်ပွန်းလုပ်တဲ့သူက မပေးမကမ်း မထောက်မပံ့ဘဲနဲ့ သုံးနှစ်ကြာခဲ့လို့ရှိရင်တော့ လင်မယားကွာရှင်းခွင့် ပြတ်စဲသွားတယ်ဆိုတဲ့ ဓမ္မသတ်ရှိပါတယ်။ အတိအကျပြောမယ်ဆိုရင် မနုကျယ် ဓမ္မ သတ်မှာလည်း ပါပါတယ်။ မနုကျယ်ဓမ္မသတ် ပဉ္စမတွဲ အခန်း ၁၇ မှာ သုံးနှစ်ပြည့်ရင်တော့ ကွာရှင်းလို့ရပါတယ်။ ဥပဒေအရ ကွာရှင်းချင်တယ် ဆိုရင်တော့ တရားရုံးမှာ ဒီအချက်ကို ထောက်ပြပြီး ကွာလိုမှု၊ ကွာရှင်း ပြတ်စဲပြီးပြီးဖြစ်ကြောင်း ကြေညာပေးစေလိုမှုနဲ့ စွဲလို့ရပါတယ်။ အခုဒီမှာ မေးခွန်းအရဆိုရင်တော့ ဒါမယားဖြစ်တဲ့သူက စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ မပေါင်းနိုင်တော့လို့ သူဆင်းသွားတာ ဖြစ်တဲ့အတွက် တကယ်လို့သူက ပြန်ပြီးတော့ အိမ်ပေါ်ကို ပြန်တက်မယ်ဆိုလည်း တက်လို့ရတယ်။ နောက်တခုက ခင်ပွန်းလုပ်တဲ့ ပုဂ္ဂိုလ်က သူဆင်းသွားတဲ့အပေါ်မှာပေါ့နော် ကွာလိုတဲ့ဆန္ဒ မရှိဘူး ဆိုရင်တော့ ကျွေးမွေးထောက်ပံ့မှု၊ စရိတ်ထောက်တာတို့၊  ပေးကမ်းတာတို့ .. ဘာတို့ ဓလေ့ထုံးထမ်း ဥပဒေမှာတော့ ဟင်းတရွက်၊ ထင်းတချောင်း လို့ ဆိုထားတာပေါ့။ တကယ်လက်တွေ့မှာတော့ ကူညီထောက်ပံ့မှုပေးရင် ရပါတယ်။ ဒီနေရာမှာ နှစ်ဦးနှစ်ဖက် ပြဿနာရှိတာပေါ့။ ခင်ပွန်းဘက်က စဉ်းစားမယ်ဆိုရင်တော့ သူက တကယ်ပေါင်းမယ်ဆိုရင်တော့ သူ့ကို မယားခေါ်လိုမှုနဲ့စွဲရမှာပေါ့။ ဇနီးဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ မပေါင်းချင်းတော့ဘူးဆိုရင်တော့ တရားဝင်ကွာရှင်းပြတ်စဲ ပေးပါဆိုတာကို သုံးနှစ်ပြည့်အောင် စောင့်မယ်ဆိုရင်တော့ ခုနက ပြောတဲ့ဟာအရ မပေးမကျွေးရင်တော့ ရတယ်။ သုံးနှစ်မပြည့်ခင်မှာ စွဲမယ်ဆိုရင်တော့ သူ့ကိုကွာပေးပါဆိုတာကို တရားရုံးမှာ ကွာလိုမှု အကြောင်းပြ အခိုင်အလုံနဲ့ စွဲလို့ရနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024