မြို့ဖြူတော်ခံတပ်တိုက်ပွဲ ၇၅ နှစ်ပြည့် အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ
DVB
·
March 17, 2019
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့ရှိ ဒုတိယ ကမ္ဘာစစ်အတွင်းက သမိုင်းဝင်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ White City မြို့ဖြူတော်ခံတပ်တိုက်ပွဲ ၇၅ နှစ်ပြည့် အထိမ်းအမှတ် ဆိုင်းဘုတ်ကို မတ်လ ၁၆ ရက် မနက် ၉ နာရီခွဲက စိုက်ထူခဲ့ကြပါတယ်။
ကသာခရိုင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအသင်း အတွင်းရေးမှူး ကိုညိုကိုနိုင်က “ဒုတိယကမ္ဘာစစ် တုန်းက မြစ်ကြီးနားမှာ စတီးဝဲလ် တပ်တွေနဲ့ ဂျပန်တပ်တွေ ထိတွေ့နေတဲ့အချိန်မှာ ဂျပန်တပ်မတွေဟာ မော်လူးမှာ အခြေစိုက်သလို အင်းတော်မှာလည်း အခြေစိုက်တယ်။ သူတို့ကနေမှ လိုအပ်တဲ့ ထောက်ပို့လမ်းကြောင်းတွေ စစ်သည်တွေကို ဒီကနေ ရထားတွေ ကားတွေနဲ့ ပို့တယ်၊ ဒီနေရာက ရထားလမ်း ကားလမ်းဆုံတဲ့ နေရာဖြစ်တယ်။ ဒီနေရာက ဗမာပြည်မှာ ရှားရှားပါးပါး ခံတပ်အင်္ဂါ (၆) ချက်နဲ့ ညီတယ်။ ဗုံးချတာတို့၊ ကင်းကြည့်လို့ ကောင်းတာတို့၊ ပစ်ကွင်းကောင်းတာတို့ လူအင်အားသုံးဖို့ ချောင်းရှိတာတို့၊ လေယာဉ်ကွင်းရှိတာတို့ ဒီမှာအကုန်လုံးပြည့်စုံတဲ့အတွက်ကြောင့်မို့ ဒီမြို့ဖြူတော်ခံတပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ကမ္ဘာကျော်တဲ့အဆင့်အထိ ဖြစ်လာတယ်။ စစ်သမိုင်းထဲက ခံတပ်တခုပေါ့။”
၁၉၄၄ မတ်လ ၁၆ မှာ ဒုတိယကမ္ဘာစစ်က စတည်ခဲ့ဖြစ်ပြီး ၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်အောင် မြို့ဖြူတော်ခံတပ်က ဘယ်နေရာမှာရှိလဲ သိအောင် ဆိုင်းဘုတ်တင်ပွဲပြုလုပ်တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းဌေးက “ဒုတိယကမ္ဘာစစ်အတွင်းက ဝင်းဂိတ်ရဲ့တပ်တွေနဲ့ ဂျပန်တပ်တွေ တိုက်ခိုက် တဲ့သမိုင်းပေါ့၊ ကိုယ့်နိုင်ငံကလူတွေ မပါဝင်ခဲ့လို့ လေ့လာစရာ မဟုတ်ဘူးလို့ ထင်ပေမယ့် ခရီးသွားလုပ်ငန်းမှာကျတော့ မဟာမိတ်တပ်သားတွေ ဂျပန်ဘက်ကတပ်သားတွေ ပါဝင်ခဲ့တဲ့ လူတွေအားလုံးမှာတော့ ဆွဲဆောင်မှုရှိတဲ့နေရာ တခုပါ။ ဒါကြောင့် ကသာနဲ့မော်လူး ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအသင်းတွေနဲ့ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ က ပူးပေါင်းပြီး ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဖို့ရာ ဝိုင်းပြီးတော့အားပေးတယ်”လို့ ပြောပါတယ်။
မော်လူးမြို့ အုပ်ချုပ်ရေးမှူးရုံးမှာ ဒုတိယကမ္ဘာစစ်လက် ကျန်ပစ္စည်းတွေကို ယာယီ သမိုင်းပြခန်းအဖြစ် ပြသထားပြီး မတ်လ ၁၆ ရက် White City မြို့ဖြူတော်တိုက်ပွဲ ၇၅ ပြည့်အထိမ်းအမှတ်အဖြစ် ဆိုင်းဘုတ်စိုက်ထူခဲ့တာလို့ သိရပါတယ်။
ကိုကိုလင်း(အင်းတော်)