လွှတ်တော်အမတ်များ၏ ဥပဒေကြမ်းကို သမ္မတထရမ့် ဗီတိုအာဏာသုံး ပယ်ချ

844
အမျိုးသားအရေးပေါ် ကြေညာချက်ကို အဆုံးသတ်စေမယ့် အမေရိကန် လွှတ်တော် အမတ်တွေရဲ့ ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၅ ရက်နေ့မှာ ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
ဒါဟာ ထရမ့်ရဲ့ ၂ နှစ်တာ သမ္မတ သက်တမ်းအတွင်း ပထမဆုံးအကြိမ် ဗီတို အသုံးပြုတာပါ။
အဲဒီဗီတိုကို ပယ်ဖျက်ဖို့ဆိုရင် လွှတ်ေ်တာ် အမတ်တွေရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမှ ရမှာ ဖြစ်ပြီး အဲဒီ အလားအလာက ဖြစ်နိုင်ဖွယ် မရှိပါဘူး။
သမ္မတ ထရမ့်ရဲ့ အရေးပေါ် ကြေညာချက်ကို အဆုံးသတ်စေမယ့် ဥပဒေကြမ်း ထောက်ခံသူတွေထဲမှာ ရီပတ်ဘလီကန် အမတ် ၁၂ ဦး လည်းပါဝင်ပါတယ်။
အဲဒီရီပတ်ဘလီကန် အမတ်တွေရဲ့ လုပ်ဆောင်ချက်ဟာ ထရမ့်ကို နိုင်ငံရေးအရ အခိုက်အတန့်် အထိနာစေပါတယ်။
ဗီတိုအာဏာ မထုတ်ပြန်ခင် သမ္မတ ထရမ့်က အမျိုးသားအရေးပေါ် အခြေအနေကြေညာဖို့ လိုအပ်တယ်လို့ ထပ်မံပြောခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ သူရဲ့ အရေးပေါ်ကြေညာချက်ကို ထောက်ခံတဲ့ ရီပတ်ဘလီကန် အမတ်တွေကို တွစ်တာကနေ ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တံတိုင်းဆောက်လုပ်ရေး ရန်ပုံငွေရဖို့နဲ့ အစိုးရလုပ်ငန်းစဉ် တစိတ်တပိုင်း ရပ်ဆိုင်းမှု အဆုံးသတ်ရေး နည်းလမ်းတခုအနေနဲ့ အမျိုးသား အရေးပေါ် အခြေအနေကို သမ္မတထရမ့်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့တာပါ။