Live
Home
မြန်မာသတင်း
မြောက်ဦးတွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသမီးတဦး ဒဏ်ရာရ
DVB
·
March 16, 2019
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ည ၁၀ နာရီလောက်က ပစ်ခတ်မှုဖြစ်တာကြောင့် အမျိုးသမီးတဦး ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ မြောက်ဦးမြို့နယ် လွှတ်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီဗွီဘီကိုပြောပါတယ်။ “မြောက်ဦးမြို့မှာ မနေ့ကဖြစ်တာ တိုက်ပွဲဖြစ်တာမဟုတ်ဘူးဗျ၊ နယ်မြေရှင်းလင်းပြီ ခြောက်ပစ်တာလို့ ကျနော်တို့ သိရတယ်။ အမြောက်ကျည်ကျတာကတော့ ကျနော်တို့ သုံးနေရာတွေ့တယ်။ ထမ္မရာဇ်ရပ်ကွက်၊ ကျောက်ရာဇ်ကေထုက္ကန်နားမှာ သုံးခုကျတယ်။ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရတယ်။ မနေ့ည ၁၀ နာရီဝန်းကျင်က မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေရပ်ကွက်မှာ တပ်မတော်စစ်ကြောင်းက ခြေလျှင်ဖြတ်နေတဲ့အချိန် ဆိုင်ကယ်စီးလာသူနှစ်ကို ရပ်ခိုင်းရာ မတန့်ဘဲ ဆိုင်ကယ်ထားပြီး ထွက်ပြေးသွားတဲ့အတွက် လှမ်းပစ်တာက စတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “အဲဒီမှာ ရပ်ခိုင်းလို့ မရပ်ဘဲ ရွာထဲကို ဆင်းပြေးတော့ လိုက်လို့ ပစ်တဲ့အခါ အိမ်တွေကိုပါ ပစ်တယ်။ နောက်တယောက်ကို ဖမ်းခေါ်သွားတယ်။ ခေါ်သွားတာကတော့ ပြန်လွှတ်လိုက်ပြီ” လို့ မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ကိုထွန်းနေဝင်းက ပြောသည်။ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၄၇) နှစ်အရွယ် ဒေါ်ခင်ခင်သိန်းရဲ့ တင်ပါးမှာ ဒဏ်ရာရခဲ့သလို မြောက်ဦးမြို့တွင်းနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း နေအိမ်အချို့ ပျက်စီးသွားပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “လုံခြုံရေးလုပ်တဲ့အချိန်မှာ သုဿာန်ကုန်းဝန်းကျင်နားတဝိုက်ကနေပြီးတော့မှ အေအေသောင်းကျန်းသူတွေက ကျနော်တို့ကို စပစ်တာပေါ့။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပစ်လို့ ကျနော်တို့က ပြန်ပစ်တာပေါ့။ ထိတွေ့မှု ဖြစ်တာပေါ့။ အချိန်ကတော့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ ကြာပါတယ်။ ကျနော်တို့ကတော့ ပြည်သူကို ထိခိုက်အောင် ဘာမှ မလုပ်ပါဘူး။ ဒါပေမယ့် သောင်းကျန်းသူက ပြည်သူရှိတဲ့နေရာက ပစ်တယ်ဆိုရင်တော့ ကျနော်တို့ကတော့ ပြည်သူကို ပစ်တာ မဟုတ်ဘူးလေ။ ကိုယ့်ကိုပစ်တဲ့ သောင်းကျန်းသူကိုပဲ ပစ်တာ။ လက်နက်ကြီး ကျတယ် ပြုတယ်ဆိုတာကတော့ ကျနော်တို့လည်း ဟုတ်ချင်ဟုတ်မယ်၊ သောင်းကျန်းသူလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ကျနော်တို့ကတော့ သီးခြားပစ်တာ မရှိဘူးခင်ဗျ။ သောင်းကျန်းသူ ပစ်တဲ့နေရာကိုပဲ ပစ်တာပဲ” လို့ ပြောပါတယ်။ ဖြစ်စဉ်ပြီးတဲ့နောက် နယ်မြေကို ပြန်စစ်တဲ့အခါ ဆိုင်ကယ်တစီးကို သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။ သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024