ပေါ်တူဂီအသင်းလူစာရင်းတွင် ရော်နယ်ဒို ပြန်လည်ပါဝင်လာတော့မည်

မကြာခင် ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲ ခြေစစ်ပွဲတွေအတွက် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါ်တူဂီနည်းပြက ပြန်ခေါ်လိုက်ပြီလို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်ကတည်းက ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ကင်းကွာနေသူလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ နိုဝင်ဘာလတို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပိုလန်၊ အီတလီတို့နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီအသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ယူကရိန်း၊ ဆားဘီးယားတို့နဲ့ ကစားရမယ့် ယူရိုခြေစမ်းပွဲတွေမှာ သူ့ကို ပြန်လည်ခေါ်ယူလိုက်တာပါ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၅၄ ပွဲကစားကာ ၈၅ ဂိုးသွင်း ယူထားနိုင်သူဖြစ်ပြီး အသင်းသမိုင်းတလျှောက် ပွဲထွက်ကစားခွင့် အများဆုံး ရရှိထားသူနဲ့ ဂိုးအများဆုံး သွင်းထားနိုင်သူလည်းဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးအသင်းကို ရှုံးနိမ့်ကာ ၁၆ အသင်းအဆင့်ကနေ ထွက်ခဲ့ရပေမယ့် အုပ်စုတွင်းပွဲစဉ်တွေမှာ ရော်နယ်ဒိုက ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ လာမယ့် မတ်လ ၂၂ ရက်နေ့မှာ ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်က စားရမှာဖြစ်ပြီး သုံးရက်အကြာ မတ်လ ၂၅ ရက်နေ့မှာတော့ ဆားဘီးယားအသင်းကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ နည်းပြ ဆန်းတို့စ်ဟာ ရော်နယ်ဒိုအပြင် ပရီးမီးယားလိဂ်ကလပ် ဝုဒ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ရူဘင် နာဗက်၊ ဂျာအို မော်တင်ဟို၊ ဂိုးသမား ရိုင်ပတ်ထရီစီအိုနဲ့ တိုက်စစ်မှူး ဒီယေဂို ဂျိုတာတို့ကိုလည်း ခေါ်ယူထားပါတယ်။ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဘာဒါနိုဆေးလ်ဗားဟာလည်း ဒီလူစာရင်းမှာ ပါဝင်လာပါတယ်။ ဝုဒ်အသင်းနဲ့အတူ ဒီရာသီမှာ ခြောက်ဂိုး ရရှိထားတဲ့ ဒီယေဂို ဂျိုတာဟာလည်း သူ့နိုင်ငံအတွက် ပထမဆုံး အကြိမ်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up