မာလာဝီတွင် ရေကြီးရေလျှံခြင်းကြောင့် လူ ၅၀ ကျော်သေဆုံး၊ ဒေသခံများ ရွှေ့ပြောင်း

468
မာလာဝီနိုင်ငံတောင်ပိုင်းမှာ ဆိုးရွားတဲ့ ရေကြီးရေလျှံတာတွေကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးပြီး ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရတယ်လို့ အစိုးရတာဝန်ရှိသူ တဦးက မတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။
နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မိုးသက်မုန်တိုင်းတွေ ကျနေတာကြောင့် မြစ်ရေ ချောင်းရေတွေ လျှံတက်လာခဲ့ပြီး ကျေးရွာတော်တော်များများ ရေမြုပ်ကာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ဒေသခံ ရှစ်သောင်းသုံးထောင်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုကြောင့် ဒေသတချို့မှာလည်း သောက်သုံးရေတွေ ပြတ်လပ်နေပါတယ်။
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးဟာ မတ်လ ၁၄ ရက်နေ့မှာ အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ရာသီဥတုပြောင်းလဲမှုနဲ့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
အဲဒါကြောင့် မာလာဝီနိုင်ငံမှာ မိုးများပြီး ရေကြီးရေလျှံနိုင်တဲ့ သတိပေးထားချက်တွေ ထုတ်ပြန်ထားပါတယ်။
မိုးလေဝသခန့်မှန်းချက်အရ ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးဟာ မိုဇမ်ဘစ်နိုင်ငံကနေ မာလာဝီနိုင်ငံ တောင်ပိုင်းကို ရွေ့လျားလာနိုင်ပြီး အဲဒီကနေတဆင့် ဇင်ဘာဘွေနိုင်ငံကို ဆက်ဝင်ရောက်နိုင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
မာလာဝီသမ္မတ အာသာပီတာ မာသူရီကာက မတ်လ ၈ ရက်နေ့ကတည်းက နိုင်ငံတောင်ပိုင်းမှာ ရာသီဥတု အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ရေကြီးတဲ့ ဒေသတွေကို သွားဖို့ နိုင်ငံမြောက်ပိုင်းက ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။