Homeမြန်မာသတင်း
ငြိမ်းချမ်းရေး ပြန်တည်ဆောက်ရန် ပအိုဝ်းအမျိုးသားနေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
ငြိမ်းချမ်းရေး ပြန်တည်ဆောက်ရန် ပအိုဝ်းအမျိုးသားနေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 14, 2019
ပျက်ပြားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်တည်ဆောက်ဖို့အတွက် ကံ၊ ဉာဏ်၊ ဝီရိယ ထားပြီး လုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ပအိုဝ်းအမျိုးသားနေ့ (အကြို) အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ မတ်လ ၁၃ ရက် ညနေက ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
“အခု ကျမတို့ ငြိမ်းချမ်းရေးလမ်းကို လျှောက်နေပါပြီ။ ငြိမ်းချမ်းရေးလမ်းဆိုတာ အမြဲပဲ ဖြူးတာဖြောင့်တာ မဟုတ်ဘူး။ အကြောင်းကြောင်းကြောင့် ငြိမ်းချမ်းရေးက ပျက်ပြားခဲ့ရတယ်။ ဒီပျက်ပြားခဲ့ရတဲ့ ငြိမ်းချမ်းရေးကို ပြန်ပြီးတော့ တည်ဆောက်ဖို့ဆိုတာ ကျမတို့အားလုံးက ကံ၊ ဉာဏ်၊ ဝီရိယပေါ့။ ကျမတို့အားလုံး ကံ၊ ဉာဏ်၊ ဝီရိယနဲ့ လမ်းလျှောက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းကြီး ဘယ်လောက်ပဲရှည်ပါစေ၊ ဘယ်လောက်ပဲ ခက်ခဲပါစေ ကျမတို့ လိုချင်တဲ့ပန်းတိုင်ကို မုချမသွေ ရောက်မှာဖြစ်ပါတယ်။”
ပအိုဝ်းတိုင်းရင်းသားတွေဟာ ပြည်ထောင်စု အခက်အခဲတွေ့နေတဲ့ အချိန်တုန်းကလည်း ဝိုင်းဝန်းကူညီပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပြီး နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် စိတ်ဝမ်းကွဲခဲ့ကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“စိတ်ဝမ်းကွဲမှုတွေ ရှိပေမယ့်လည်း အခုဆိုရင် ပအိုဝ်းတိုင်းရင်းသားများက ကျမတို့နဲ့အတူ ငြိမ်းချမ်းရေးလမ်းကို အတူတူလျှောက်နေတာကို တွေ့ရတဲ့အတွက် ကျမတို့အနေနဲ့ အင်မတန်မှ ဝမ်းသာတယ်။ ကျမတို့နိုင်ငံအတွက် ကောင်းတဲ့နိမိတ်ပဲဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီအခမ်အနားကိုတော့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက ပအိုဝ်းတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြတာပါ။
ပအိုဝ်းအမျိုးသားနေ့ ကျင်းပလာတာ အခုနှစ်မှာ နှစ် ၇၀ ပြည့်ပြီဖြစ်ပြီး နေပြည်တော်မှာ လာရောက်ကျင်းပတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဒေသအနှံ့အပြားရှိ ပအိုဝ်းတိုင်းရင်းသားတွေ ဆုံဆည်းခွင့်ရဖို့၊ ရိုးရာဓလေ့ထုံးတမ်း၊ စာပေနဲ့ သမိုင်းအမွေအနှစ်တွေ ဖော်ထုတ်မြှင့်တင်ဖို့၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ရှိစေဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်။