Home
မြန်မာသတင်း
စစ်တွေမြို့နယ်တွင် မီးလောင်၊ လူနေအိမ် ၇ လုံးနှင့် ဆိုင်ခန်း ၉ ခန်းဆုံးရှုံး
DVB
·
March 12, 2019
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ဒီကနေ့မနက်က မီးလောင်မှုဖြစ်ပွားလို့ လူနေအိမ် ၇ လုံး၊ ဆိုင်ခန်း ၉ ခန်းဆုံးရှုံးသွားပြီး လူဦးရေ ၄၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မနက် ၉ နာရီလောက်က စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု ဒါးပိုင်ကျေးရွာဟောင်းမှာ နေထိုင်တဲ့ ဦးရော်ဖီးပိုင်ဆိုင်တဲ့ လူနေဆိုင်ခန်းမှာ ထမင်းချက်ဖို့ မီးမွှေးထားရာကနေ အနီးရှိ ဝါးထရံကို ကူးစက်လောင်ကျွမ်းသွားတာလို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးသော်တာက ဒီဗွီဘီကိုပြောပါတယ်။ “လူနေတဲ့ ဆိုင်ခန်း ၉ ခန်း အဲဒါကတော့ အဟောင်းပစ္စည်းတွေ ရောင်းတာပေါ့ကွာ။ ဓနိမိုးနဲ့ ဝါးထရံကာ ၁၀ ပေပတ်လည် လူနေအိမ် ၅ လုံး၊ နောက်ပြီးတော့ ၁၀ ပေx ၆ ပေ ဓနိမိုးဝါးထရံကာ ၂ လုံး စုစုပေါင်း နေ အိမ် ၇ လုံး၊ ဆိုင်ခန်း ၉ ခန်းပေါ့။ ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်း ၇၀ နဲ့ ၆ သောင်းဖို့လောက် ဆုံးရှုံးသွားတယ်။ မီးလောင်တဲ့ အကြောင်း ရင်းကတော့ အဲဒီဆိုင်ခန်းတွေရဲ့ နောက်မှာရှိတဲ့ ဦးရော်ဖီးရဲ့ နေအိမ်ကနေမှ ထမင်းချက်တဲ့နေရာမှာ ဝါးထရံကာကို မီးရာကနေ စ လောင်သွားတာ”လို့ ပြောပါတယ်။ မီးလောင်မှုကို ရခိုင်ပြည်နယ်မီးသတ်ဦးတပ်ဖွဲ့ဝင် ၅၀ ကျော်က မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ မီးသတ်ရေယာဉ် ၂ စီးကို အသုံးပြု မီးသတ်ခဲ့ရပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မီးဘေးဒုက္ခသည် ကလေးငယ် ၂၁ ဦးအပါ အဝင် လူဦးရေ ၄၇ ဦး အတွက်  ယာယီတဲတွေ ဆောက်လုပ်ပေးနေပါတယ်။ မီးစတင်လောင်ခဲ့တဲ့ ဆိုင်ခန်းပိုင်ရှင်ကိုတော့ မီးပေါ့ဆစွာသုံးစွဲမှု ပုဒ်မ ၂၈၅ နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုပေါင်း ၁၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့ရသလို ကျပ်သန်းပေါင်း ၁၂၂ ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။ သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ရခိုင်မီးသတ်ဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024