အီးယူက ထွက်ခွာရေး စနစ်တကျ လမ်းကြောင်းချမှတ်ရန် ဝန်ကြီးချုပ် မေ သဘောတူညီချက်ရ

ဓာတ်ပုံ - Reuters
682
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ ဥပဒေအရ စည်းနှောင်တဲ့ ဘရက်ဇစ် အာမခံချက်တွေကို ဥရောပသမဂ္ဂ (အီးယူ) ဆီကနေ မတ်လ ၁၁ ရက်နေ့မှာ ရခဲ့ပါတယ်။
ဒါဟာ ဘရက်ဇစ် သဘောတူညီချက်ကို ဆန့်ကျင်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗြိတိန် အမတ်တွေအပေါ် အနိုင်ရဖို့ နောက်ဆုံးကြိုးပမ်းချက် ဖြစ်ပါတယ်။
မတ်လ ၂၉ ရက်နေ့မှာ အီးယူကနေ ထွက်ခွာရေးအတွက် စနစ်တကျ လမ်းကြောင်းချမှတ်ဖို့ ဝန်ကြီးချုပ် မေဟာ စထရက်ဘို့မြို့ကိုသွားပြီး ထပ်တိုးအာမခံချက်တွေအတွက် ဥရောပကော်မရှင် ဥက္ကဋ္ဌနဲ့ သဘောတူညီချက် ယူခဲ့ပါတယ်။
မေရဲ့ ပါတီတွင်း ဘရက်ဇစ်ခွဲထွက်ရေး ဝါဒီတွေက မေဟာ အီးယူကို အညံ့ခံတယ်ဆိုပြီး စွပ်စွဲထားတာပါ။
ဝန်ကြီးချုပ် မေ ရခဲ့တဲ့ အာမခံချက်တွေဟာ ထပ်တိုး ပါလီမန်အမတ် ၁၁၆ ယောက်ကို အနိုင်ရလောက်အောင် လုံလောက်သလားဆိုတာတော့ သဲသဲကွဲကွဲ မရှိသေးပါဘူး။
အစိုးရအဖွဲ့ဝန်ကြီး ဒေးဗစ်လစ်ဒင်တန်က မေဟာ ခွဲထွက်ရေး သဘောတူညီချက်နဲ့ နိုင်ငံရေးကြေညာချက်ကို ကောင်းမွန်စေမယ့် “ဥပဒေအရ စည်းနှောင်တဲ့ အပြောင်းအလဲတွေ” ရခဲ့တယ်လို့ ဗြိတိန်ပါလီမန်ကို ပြောခဲ့ပါတယ်။
ဒီအပြောင်းအလဲတွေဟာ ဘရက်ဇစ်သဘောတူညီချက်က အငြင်းပွားဖွယ် အဖြစ်ဆုံး အပိုင်းကို ဖြေရှင်းထားပါတယ်။ အဲဒါကတော့ အိုင်ယာလန်နဲ့ ထိရှလွယ် နယ်စပ်ထိန်းချုပ်ရေးကို ရှောင်ရှားဖို့ ရည်မှန်းတဲ့ အာမခံချက် မူဝါဒပဲ ဖြစ်ပါတယ်။