စစ်တွေမြို့တွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရဟန်းသံဃာတော်တွေနဲ့ မြို့ခံ အင်အား ထောင်နဲ့ချီပြီး ဒီနေ့ မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
စစ်တွေမြို့ ကျောင်းတိုက်အသီးသီးက သံဃာတော်ပေါင်း ၅၀၀ ကျော်နဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်တွေမြို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်ရုံးဆီ ချီတက်လမ်းလျှောက် လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ သံဃာနဲ့ လူထုရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဦးဆောင်သံဃာတော် တပါးဖြစ်တဲ့ ဦးဇင်းပညာဇောတက အခုလို မိန့်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ရှုတ်ချတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဗုဒ္ဓဘာသာ လူနည်းစုတွေကို ကာကွယ် တာဝန်ယူပေး ဖို့ တောင်းဆိုတာပေါ့။”
ဆန္ဒထုတ်ဖော်ပွဲမှာ သံဃာတော်တွေနောက်က ပြည်သူပေါင်း ၃၀၀၀ လောက်ကလည်း အနောက်ကနေ တန်းစီ လိုက်လာကြပြီး ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရောက်တော့ လုံခြုံရေးတွေက ရဟန်းသံဃာတွေကိုသာ ၀င်ခွင့်ပြုတယ်လို့လည်း ဦးပညာဇောတက မိန့်ပါတယ်။
သံဃာတော်တွေက ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေကို အိတ်ဖွင့်ပေးစာ ပို့ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲကို ၁ နာရီက စတင်ခဲ့ပြီး ညနေ ၃ နာရီကျော်မှာ ပြီးဆုံးပြီး ရဟန်းသံဃာတွေ အေးအေး ဆေးဆေး ငြိမ်းချမ်းစွာ ကျောင်းတိုက်ကို ပြန်ခဲ့ကြတယ်လို့ မိန့်ပါတယ်။
အလားတူ စစ်တွေမြို့မှာ အမျိုးသမီးအဖွဲ့တွေကလည်း သူတို့ဘ၀ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး အတွက် အစိုးရကို ဆန္ဒပြဖို့ ရှိနေပြီး တောင်းဆိုမယ့်အထဲမှာပါတဲ့ စကားလုံးအသုံးအနှုန်း တချို့ကြောင့် ပြည်နယ်အုပ်ချုပ်ရေးရုံးက ခေတ္တဆိုင်းငံ့ထားခဲ့ရာမှာ မနေ့တုန်းကတော့ ဒုရဲမှူးကြီး ဦးအောင်ကျော်ဦးက ဆန္ဒပြခွင့်ပြုတဲ့အတွက် မနက်ဖြန် ဆန္ဒထုတ်ဖော်မယ်လို့ ဦးဆောင်စီစဉ်နေသူတဦးဖြစ်တဲ့ စစ်တွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဒေါ်ညိုအေး က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကလည်း ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ သဃာတော်တွေက ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံရမှုကို ကန့်ကွက်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးမှာ သံဃာတော်တွေ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။