ဖီနာဘာချီအသင်းအတွက် ကစားပေးတော့မည် မဟုတ်ဟု တိုက်စစ်မှူး ဆလီမာနီပြော

လက်စတာစီးတီးတိုက်စစ်မှူး အစ္စလမ်ဆလီမာနီဟာ ဒီနှစ်ရာသီကုန်တဲ့အထိ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဖီနာဘာချီအသင်းအတွက် ကစားပေးမှာ မဟုတ်ဘူးလို့ ပြောကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဆလီမာနီဟာ တူရကီမြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ၂၂ ပွဲပဲ ကစားခွင့်ရခဲ့ကာ လေးဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတုန်းက ဆလီမာနီဟာ ဖီနာဘာချီအသင်းနဲ့ အငှားစာချုပ် ဖျက်သိမ်းကာ ရီးရဲလ်ဘက်တစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မလာခဲ့ဘဲ လက်စတာအသင်းဘက်ကလည်း သူ့ကို ပြန်ခေါ်ယူလိုခြင်း မရှိတာကြောင့် ဖီနာဘာချီမှာ အငှားကစားသမားအဖြစ် ဆက်ရှိနေခဲ့တာပါ။ ဒီလိုအခြေအနေမှာ သူနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး တူရကီကလပ်အသင်းကလည်း သူ့ကို ဒီရာသီအတွင်း အသုံးပြုနိုင်ဖွယ် မရှိဘူးလို့ သတင်းမီဒီယာတွေမှာ အကျယ်တဝင့် ရေးသားနေကြပါတယ်။ လက်ရှိ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ဆလီမာနီဟာ တူရကီလိဂ်ရဲ့ လစာမြင့်မားတဲ့ ကစားသမားတွေထဲက တဦးဖြစ်နေပေမယ့်လည်း လက်ရှိအခြေအနေတွေကို မပြောင်းလဲနိုင်ဘူး ဆိုရင်တော့ သူဟာ ရာသီကုန်အထိ ကစားခွင့် ပျောက်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆလီမာနီဟာ ဖီနာဘာချီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာတောင် ပါဝင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ ဖီနာဘာချီအသင်းနဲ့ ကစားသမားတို့အကြားမှာ ကြီးမားတဲ့ ပြဿနာ တစုံတရာ ရှိနေပုံရပြီး ဖီနာဘာချီအသင်း ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်နှစ်ခုမှာလည်း သူဟာ ချန်လှပ်ခံခဲ့ရပါတယ်။ ဆလီမာနီဟာ လက်စတာစီးတီးအသင်းကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ဖီနာဘာချီအသင်းနဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ မွေးရပ်မြေဖြစ်တဲ့ အရှေ့အလယ်ပိုင်းက ကလပ်အသင်းတခုခုစီ ရောက်သွားနိုင်ဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up