ရင်ဖွင့်စာ
DVB
·
March 10, 2019
အင်းတော် ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတားကြီးအတွက် သက်ဆိုင်ရာက ကူညီပေးပါ တံတားနဲ့ပတ်သက်လို့ ကျနော်တင်ပြပါရစေ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်အုပ်စု၊ ပင်သချေကျေးရွာရှေ့ ရွာချင်းဆက် ကုန်ထုတ်တံတားကြီးဖြစ်တဲ့ ရတုသုံးလီ RC ကွန်ဂရစ်တံတားကြီးကို ဒေသခံရွာသူ ရွာသားတွေက ကိုယ်ထူကိုယ်ထ စတင်ဆောင်ရွက်နေပါပြီ။ ကိုယ်ထူကိုယ်ထဆိုတာက RC ကွန်ဂရစ်တံတားကြီး ဖြစ်မြောက်ရေးအတွက် အနယ်နယ် အရပ်ရပ်မှ လှူဒါန်းခဲ့သောငွေ၊ တချို့လူ့မှုအဖွဲ့အစည်းတွေက လှူဒါန်းခဲ့တဲ့ငွေတွေနဲ့ ကျနော်တို့ဒေသခံ ရွာသူရွာသားတွေ ရှာဖွေစုဆောင်းထားတဲ့ ရန်ပုံငွေအနည်းငယ်လောက်နဲ့ လုပ်ကိုင်ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။ အဲဒီ RC ကွန်ဂရစ်တံတားကြီးမှာ သိန်းပေါင်းထောင်ချီ ကုန်ကျမှာဖြစ်လို့ သက်ဆိုင်ရာအစိုးရ တွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးစေလိုပါတယ်ခင်ဗျာ။ ဇော်နောင်   ဒေါပုံတံတားအဆင်း ပန်းခြံလေးထဲက ပျက်စီးပြိုလဲနေတဲ့ မီးတိုင်လေးတွေ ဒေါပုံမြို့နယ်တွင်ရှိသော ဂျပန်ပြည်သူများမှ လှူဒါန်းထားတဲ့ ဒေါပုံတံတားအဆင်း ပန်းခြံလေးထဲမှာ မြေစိုက် မီးတိုင်လေးတွေ ပျက်စီးပြိုလဲလျက်ရှိပါတယ်။ အဲဒီပန်းခြံလေးဟာ သြဂုတ်လ ၂၅ ရက် ၂၀၁၈ တံတားနဲ့အတူ ဂျပန်ပြည်သူတွေရဲ့ လှူဒါန်းမှုနဲ့ တပါတည်း ဆောက်လုပ်ထားတဲ့ နေရာလေးဖြစ်ပါတယ်။ အဲဒီမြေစိုက်မီးတိုင်တွေ ပျက်စီးနေတာ ၂ လလောက်ရှိပါပြီ။ ဒီအတိုင်းပစ်မထားဘဲ တာဝန်ရှိလူကြီးမင်းတွေအနေနဲ့ အချိန်မီပြုပြင်ပေးနိုင်ဖို့ ဒီဗွီဘီကတဆင့် တင်ပြတောင်းဆို အပ်ပါတယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ မြေစိုက်မီးတိုင်တွေက မီးကြိုးတွေကို ကလေးတွေ ကိုင်မိရင်လည်း အန္တရာယ်ရှိနိုင်ကြောင်း ထပ်လောင်း တင်ပြအပ်ပါတယ်။   ရေသွယ်ပိုက်လုံး အပေါက်တွေကြောင့် နေအိမ်ရေမရောက်ဖြစ်နေ ကျနော်ကတော့ ဒဂုံမြို့သစ်တောင်ပိုင်းကပါ။ ပြည်သူတွေ အဓိက အားထားနေရတဲ့ ရေပေးဝေရေးစနစ် အကြောင်းပါ။ ပုံမှာမြင်တဲ့အတိုင်းပါဗျာ။ ရေပိုက်မှရေလွှတ်တဲ့အချိန်မှာ မြင်တွေ့ရတဲ့ ပုံပါ။ မိနစ်ပိုင်း နာရီပိုင်းလောက်တော့ လွှတ်ပါတယ်။ ရေလွှတ်တဲ့အချိန်မှာ ရေသွယ်ထားတဲ့ အိမ်ကို မရောက်ဘဲ ပုံပါတဲ့အတိုင်း ကွန်ကရစ်ပိုက်လုံး အပေါက်များမှ ယိုထွက်နေပါတယ်။ ဒါကတော့ နွေရာသီမို့လို့ မြင်တွေ့ရတာပါ။ မိုးကာလဆိုရင် ရေမြောင်းများ ရေပြည့်လျှံပြီး ရေပိုက်ပေါက်တာလည်း မမြင်တွေ့ရပါ။ ဌာနမှ ရေလွှတ်တဲ့အချိန်မှာ ရေများယိုထွက်နေသလို ရေမလွှတ်တဲ့အချိန်မှာ အပြင် ရေမြောင်းက ညစ်ညမ်းရေတွေ ရေပိုက်ထဲ ပြန်ဝင်နေတာကို ပြည်သူတွေက သိပေမယ့် အဝီစိတွင်းတူးဖို့ မတတ်နိုင်တဲ့ ပြည်သူတချို့က ဒီရေကိုပဲ အားကိုးအားထားပြုနေရပါတယ်။ စည်ပင် ရွေးကောက်ပွဲပြီးသွားရင်တော့ သက်ဆိုင်ရာက မြင်နိုင်တွေ့နိုင်ပါစေလို့ ဒီဗွီဘီကတဆင့် ပြောပေးပါခင်ဗျာ။   ဘူတာတွေက ကျူးကျော်တွေကို ဖယ်ရှားပေးပါ ကျနော်ကမီးရထားဝန်ထမ်းတစ်ဦးပါ။ ကျနော့် အကောင့်ကိုမဖော်ပြဖို့ တောင်းဆိုပါတယ်။ ဘူတာတွေမှာ ကျူးကျော်တွေ အများကြီး ရှိပါတယ်။ ဘူတာကနေပီး ဆိုင်ရာအကြီးအကဲတွေဆီကို စာတွေပို့တယ်။ ဒါပေမဲ့ လူကြီးတွေက နို့တစ်စာပေးပြီး အလုပ်သဘောအရပဲလုပ်သွားတယ်။ ပြီးတော့ဘာမှ မထူးဘူး။ နေမြဲပဲ။ ထပ်တောင်တိုးလာသေး။ လူကြီးတွေ ဒါမျိုး ခဏခဏလုပ်တော့ ကျူးကျော်တွေက သိသွားပြီး ဘူတာဝန်ထမ်းက ဘာမှလုပ်လို့ မရဘူးဆိုပြီး ဂရုမစိုက်တော့ဘူး။ နောက်ဆုံးတော့ ဘူတာဝန်ထမ်းတွေက ကျူးကျော်ကိုလည်း ဘာမှလုပ်မရ။ အထက်လူကြီးရဲ့ အငေါက်လည်းခံရဖြစ်နေပါတယ်။ ဒါမျိုးတွေက မီးရထားမှာ အများကြီးပါ။ လူကြီးတွေသာ တယောက်ပြီး တယောက် ပြောင်းသွားတယ်။ ကျူးကျော်ကတော့ တအိမ်မှမလျော့ပါဘူး။ ပြတ်ပြတ်သားသားလုပ်ပေးစေချင်ပါတယ်။ ဝန်ထမ်းငယ်တွေကိုဝန် မပိစေချင်ပါ။ မီးရထားဝန်ထမ်းတဦး   ၂ လုံး၊ ၃ လုံး ပေါ်ပေါ်ထင်ထင်ရောင်းချနေသည့် ကြည့်မြင်တိုင်   ကြည်မြင်တိုင်မှာ ၂ လုံး၊ ၃ လုံးတွေ ပေါ်တင်ရောင်းချနေတာ ဖမ်းစီးမယ့်သူ မရှိပါဘူး။ အဆိုး ဆုံးက ကြည်ြ့မင်တိုင် ဌာနာလမ်းအောက် ငါးဈေးအထွက် လမ်းမှာပါ။ ဘယ်လောက်ဆိုးလဲဆိုရင် ရဲတွေအတွက် ပေးထားတဲ့ လိုင်းခန်းဘေး လမ်းကြားနဲ့ ကျေးရွာ ရယက လူကြီး အိမ်ခေါင်းရင်းကြားမှာ ရောင်းချနေတာ ကြာပါပြီ။ ဘယ်ရဲ၊ ဘယ်လူကြီးမှ ဖမ်းစီးတာ မပြုဘဲ တရားဝင်ရောင်း ချနေပါတယ်။ ဒီလောင်းကစားကြောင့် ဘဝပျက်သူတွေများ နေပါပြီ။ ရပ်ကွက်က ကလေးတွေကိုလည်း အရက်တိုက်ပြီး ဒိုင်လုပ်သူက ရောင်းချ ခိုင်းနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကို သိအောင် ဖော်ပြစေချင်ပါတယ်။ ကြည့်မြင်တိုင်ဒေသခံတဦး   ဒဂုံမြို့သစ်တောင်ပိုင်း ပုလဲကျွန်းလမ်းကြီးပေါ်က လောင်စာဆီသိုလှောင်ရုံတွေ ဖယ်ရှားပေးပါ ကျနော်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၈ ရပ်ကွက်၊ ပုလဲကျွန်းလမ်းမကြီးပေါ်မှာ နေပါတယ်။ လမ်းထိပ်မှာလည်း အထွေထွေအုပ်ချုပ်ရေးမှူးဋ္ဌာန ရှိပါတယ်။ အဲဒီပုလဲကျွန်းလမ်းမကြီး လမ်းဘေးဝဲယာမှာ စက်မှုဇုန်မဟုတ်ဘဲ စက်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စက်မှုအလုပ်ရုံတွေ၊ မီးဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ လောင်စာဆီ သိုလောင်ရုံတွေ၊ ပတ်ဝန်းကျင်ကို အိပ်ရေးပျက်၊ ညော်နံ့ဆိုးတွေ ခံစားရစေတဲ့ သံဂဟေစက်အလုပ်ရုံတွေ လုပ်ကိုင်နေကြပါတယ်။ ဒါကြောင့် မြို့နယ်ရဲစခန်းနဲ့ ၁၉၉ ကို တိုင်ကြားရာ ရပ်ကွက်လူကြီးကို အကြောင်းကြားပါလို့ ပြောပါတယ်။။ ရပ်ကွက်လူကြီးကို အကြောင်းကြားတော့လည်း မထူးခြား၊ ဒါနဲ့လွှတ်တော်ကိုယ်စားလှယ်ကို အကြောင်းကြားတော့ ဆင်းလာပေးပါတယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်ပြန်သွားတော့ အရင်ကလိုပဲ ပြန်လုပ်ကြပါတယ်။ အဲဒါကြောင့် ထိရောက်စွာ အရေးယူပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ထီဆုသိန်း ၁ သောင်းအစား သိန်း ၂၀၀ စီ  အယောက် ၅၀ မဲဖောက်ပေးပါလား   ထီဆုကို သိန်းတသောင်း တယောက်တည်း ပေးမယ့်အစား  သိန်း ၂ဝဝ စီနဲ့ အယောက် ၅ဝ ဖောက်ပေးရင် တလမှာ မိသားစု အစု ၅ဝ ဆင်းရဲတွင်းထဲက လွတ်မြောက်သွားမယ်။ သိန်း တသောင်းချင်း တူတူပဲ။ ဒါပေမယ့် အဆင်ပြေသွားတဲ့ မိသားစုအရေအတွက်ကတော့ ကွာခြားသွားမယ်။ သိန်း ၂ဝဝ ဆိုတာ သူဌေးတွေအဖို့  မပြောပလောက်ပေမယ့် ဆင်းရဲသားတွေအတွက်တော့ ခြံလေးတကွက်၊ တိုက်ခန်းလေးတခန်း၊ လုပ်ငန်းလေး တခုစလုပ်ဖို့ အရင်းအနှီး စသဖြင့်…အများကြီး ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် ဆင်းရဲမွဲတေမှု လျော့ချဖို့ သိန်းတသောင်းကို တယောက်တည်း ပေးမယ့်အစား သိန်း ၂ဝဝ စီနဲ့ အယောက် ၅ဝ ပေးစေချင်တယ် သမ္မတကြီးခင်ဗျာ။ ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024