Home
မြန်မာသတင်း
ယိုးတရုတ်စခန်းကို ​အေ​အေ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများစိုးရိမ်
DVB
·
March 10, 2019
ရက္ခိုင့်​တပ်မတော် အေအေဘက်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲကင်းစခန်းကို အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်းက ဒေသခံရွာသားတွေအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ “ကျနော်တို့ခေတ်မှာက တခုမှ ဘာမှဖြစ်ဖူးတာ မဟုတ်ဘူး။ ဒီတခါပဲ ဖြစ်ဖူးသေးတယ်။ ဒါကြောင့် ကြောက်လန့်တကြားတော့ ရှိနေကြတယ်။ ဘာကိုကြောက်လဲဆိုတော့ ပစ်သံတွေကို ကြောက်တယ်။ ဘယ်လိုပေါ်လာမယ်။ ဘယ်လိုဖြစ်လာမယ်မသိဘူး။ ဒါတွေကို စိုးရိမ်တယ်” လို့ ယိုးတရုတ်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။ အဲဒီလို စိုးရိမ်နေကြတာကြောင့်လည်း နောက်ထပ်တစုံတခုဖြစ်ပေါ်လာရင် အလွယ်တကူ ပုန်းရှောင်နိုင်ဖို့ ဒေသခံတချို့က ဗုန်းခိုကျင်းတွေ တူးနေကြတယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားတွေက ဆိုပါတယ်။ “ကျနော်တို့နဲ့က ဝေးတယ်။ ပေါက်သံတော့ ကြားလိုက်တယ်။ ၁၁ နာရီကျော်လောက်မှာ။ ဆင်းလို့လည်း မကြည့်ရဲလိုက်ဘူးလေ။ ကိုယ့်အိမ်ထဲမှာ ဝပ်ပြီးတော့ ဖားလိုနေကြရတယ်။ ဗုံးခိုကျင်းကလည်း တူးတဲ့သူတွေတူးတယ်။ မတူးတဲ့သူလည်း ရှိတာပေါ့။” လက်ရှိမှာတော့ စိုးရိမ်မှုတွေရှိနေပေမယ့် နေရပ်စွန့်ခွာတာတွေ၊ တိမ်းရှောင်တာတွေတော့ မရှိသေးဘူးလို့ ကျေးရွာရပ်မိရပ်ဖတွေက​ပြောပါတယ်​။ မတ်လ ၉ ရက်နေ့ည သန်းခေါင်ယံအချိန်က အင်အား ၆၀ ဝန်းကျင်ရှိတဲ့ အေအေတပ်ဖွဲ့ဟာ ယိုးတရုတ်ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်ရာ တာဝန်ကျ ရဲဝန်ထမ်း ၉ ဦးကျရှုံးပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ ရဲဝန်ထမ်းတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ယိုးတရုတ်ဒေသခံတွေဖြစ်ပြီး လက်ရှိစစ်ဆေးဆဲဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ယိုးရုတ်စာစစ်ဌာနအတွက် မေးခွန်းနဲ့ အဖြေလွှာတွေကို ထိန်းသိမ်းတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နေသူတွေဖြစ် ကြောင်းလည်း ဖော်ပြထားပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024