အမေရိကန် အမျိုးသမီးဘောလုံးအသင်းသားများ ဘောလုံးအသင်းချုပ်ကို တရားစွဲ

ကမ္ဘာ့ဖလားချန်ပီယံ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဝင်အားလုံးက အမေရိကန် နိုင်ငံလုံးဆိုင်ရာ ဘောလုံးအသင်းချုပ်ကို မတ်လ ၈ ရက်က တရားစွဲလိုက်ပါတယ်။ ဘောလုံးအသင်းချုပ်ဟာ သူတို့ကို အမျိုးသား ဘောလုံးသမားတွေထက် လျော့ပြီး လစာပေးတယ်၊ တူညီတဲ့ သင်တန်း၊ ခရီးသွားလာခွင့်နဲ့ ကစားရတဲ့ အခြေအနေတွေ မပေးဘဲ ငြင်းပယ်ခဲ့တယ်လို့လည်း အခိုင်အမာ ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မြို့က ပြည်ထောင်စုတရားရုံးမှာ နိုင်ငံတကာ အမျိုးသမီးနေ့က တရားစွဲလိုက်တာပါ။ ကစားသမား အများအပြားက တန်းတူညီမျှတဲ့ အလုပ်အကိုင် အခွင့်အလမ်း ကော်မရှင်မှာ အလားတူ တိုင်တန်းလာတာ ၃ နှစ်ကျော်ခဲ့ပါပြီ။ ကစားကွင်းထဲမှာ ပြိုင်ဘက်ကင်းအောင်မြင်လာခဲ့ပေမယ့် ကျမတို့ဟာ အားကစား နယ်ပယ်မှာ ထည့်ဝင်အားထုတ်မှုနဲ့ အောင်ပွဲတွေကို ထင်ဟပ်တဲ့ ဆက်ဆံပြုမူပုံတွေအတွက် တိုက်ပွဲဝင်နေရတုန်းပဲဆိုတဲ့ အချက်က ရှက်စရာ ကောင်းပါတယ်လို့ ဒုတိယအသင်းခေါင်းဆောင် ကာလီလွိုဒ်က ပြောပါတယ်။ အမျိုးသား ဘောလုံးအသင်းထက် အမျိုးသမီးအသင်းက စွမ်းပကား ပိုမြင့်ပေမယ့် အမျိုးသား ဘောလုံးသမားတွေထက် အမြဲလျော့ပြီး လစာရနေတယ်လို့ အမျိုးသမီး ဘောလုံး အားကစားသမားတွေက ပြောပါတယ်။ တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် ဘောလုံးအသင်းချုပ်ကို ဆက်သွယ်မေးမြန်း ပေမယ့် မရခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up