Live
Home
မြန်မာသတင်း
နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အေအေတိုက်ခိုက်ဟု တပ်မတော်ပြော
ပိုင်စိုး
·
March 10, 2019
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး တည်ဆောက်နေတာကို အေအေအဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ နှောင့်ယှက်တိုက်ခိုက်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက နယ်စပ်ခြံစည်းရိုး နယ်စပ်မှတ်တိုင် အမှတ် ဘီပီ-၆၇ နဲ့ ဘီပီ-၆၈ ကြားမှာ မနေ့ နေ့လယ်ပိုင်းက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနေရာမှာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးလုပ်နေတဲ့ ဆောက်လုပ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အင်အား ၂၀၀ လောက်ရှိတဲ့ အေအေအဖွဲ့က နေရာခွဲပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ နှောင့်ယှက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်း ပြန်တိုက်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်သားတွေ လုံခြုံရေးအတွက် လက်ရှိ လုပ်ငန်းခွင်ကနေ လုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ နယ်မြေပိုင်နက်လုံခြုံရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးနဲ့ ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို နှောင့်ယှက် ဖျက်ဆီးတာဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို ထိထိရောက်ရောက် ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် ပြောခွင့်ရသူ ဦးခိုင်သုခက “တကယ်တော့ သူတို့ အဲဒီမှာ နယ်စပ်ခြံစည်းရိုး ဆောက်တယ်ဆိုတာထက် ကျနော်တို့ အခြေစိုက်တဲ့နေရာတွေကို လာပြီး ထိုးစစ်ဆင်နေတာ။ မတ်လ ၄၊ ၅၊ ၆၊ ၇ တလျှောက်လုံး တိုက်ပွဲက ဖြစ်လာတာ။ မနေ့ကတော့ ဂွ (မြို့) အခြေစိုက်တပ်နဲ့ တနေကုန် တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်တယ်။ သူတို့ထွက်သွားတဲ့အခါ ကျနော်တို့က လိုက်ပြီးတိုက်တယ်။ အခု ထုတ်ပြန်တဲ့နေရာနဲ့ ကျနော်တို့ တိုက်တဲ့နေရာနဲ့ကတော့ လှမ်းပါတယ်။ မနေ့ကပဲ ပလက်ဝမှာ တိုက်ပွဲနှစ်နေရာ ဖြစ်ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်တာလည်း ရှိတယ်လို့ သူက ပြောပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံတဲ့ လုပ်ငန်းကို ၂ဝ၁ဝ ခုနှစ်ကစပြီး အဆင့် ၄ ဆင့်နဲ့ ဆောင်ရွက်ခဲ့တာမှာ လက်ရှိအချိန်အထိ နယ်စပ်ခြံစည်းရိုး မှတ်တိုင်အမှတ် ၆၇ အထိ ၁၂၉.၁၅ မိုင် ဆောင်ရွက်ပြီးစီးခဲ့ပြီလို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီခြံစည်းရိုးကာတဲ့ လုပ်ငန်းအတွက် ၂၀၀၉- ၁၀ ခုနှစ် ကနေ ၂၀၁၇- ၁၈ ခုနှစ် အထိ  ငွေကျပ် သန်းပေါင်း ၂ သိန်းလောက် ခွင့်ပြုထားတာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024