ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် အိန္ဒိယတိုက်လေယာဉ်မှူး၏ နှုတ်ခမ်းမွေးစတိုင်လ် ရေပန်းစား

ပါကစ္စတန်ဘက်က ပြန်လွှတ်လိုက်တဲ့ အိန္ဒိယ တိုက်လေယာဉ်မှူး အာဘင်နန်ဒန်ကို အားကျပြီး ဘန်ဂလောမြို့က အမျိုးသားတွေဟာ  အာဘင်နန်ဒန်စတိုင်လ် နှုတ်ခမ်းမွေး ထားနေကြပါတယ်။ အငြင်းပွား ကတ်ရှ်မီးယားဒေသမှာ အမြောက်ပစ်ခတ်တာတွေ ဆက်ရှိနေပေမယ့် မတ်လ ၁ ရက်က ပါကစ္စတန် အစိုးရဟာ ဖမ်းဆီးထားတဲ့ အိန္ဒိယ တိုက်လေယာဉ်မှူး အာဘင်နန်ဒန်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အာဘင်နန်ဒန်ရဲ့ MiG-21 တိုက်လေယာဉ်ဟာ ဖေဖော်ဝါရီ ၂၇ ရက်က ပါကစ္စတန် တိုက်လေယာဉ်နဲ့ ဝေဟင်တိုက်ပွဲ ဖြစ်ခဲ့ပြီး ပါကစ္စတန် ပိုက်နက်အတွင်း ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး အာဘင်နန်ဒန် ရိုက်နှက်ခံရတဲ့ ဗွီဒီယိုဖိုင်တွေ ပါကစ္စတန် ရုပ်သံနဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ပြီးနောက်  အိန္ဒိယပြည်သူတွေက သူ့ကို အလေးထားလာခဲ့ပါတယ်။ “တိုက်လေယာဉ်မှူး အာဘင်နန်ဒန်နဲ့ ကျနော်က မျက်နှာ်ချင်း  ဆင်တယ်လေ။ ဒါကြောင့်မို့ သူ့ကို သဘောကျပြီး သူထားတဲ့ နှုတ်ခမ်းမွေး ပုံစံထားတာပါ။” လို့ မိုဟာမက်ချန်ဆိုတဲ့ ဒေသခံ တဦးက ပြောပါတယ်။ “ကျနော်တို့က တိုက်လေယာဉ်မှူး အာဘင်နန်ဒန်ကို လေးစားတယ်။  ဒါကြောင့်မို့ သူ့လို နှုတ်ခမ်းမွေးပုံစံထားတာပါ။ ကျနော်တို့က ပါကစ္စတန် ပိုက်နက်ထဲ သွားလို့မရဘူးလေ။ ကျနော်တို့ သူရဲကောင်းကြီးက အဲဒီကိုသွားပြီး ပြန်လာတယ်။ ဒါကြောင့် ကျနော်တို့က သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့လို နှုတ်ခမ်းမွေးပုံစံ ထားကြတာပါ” လို့ နန်နက်ရှ် ဆံသဆိုင် ပိုင်ရှင်က ပြောခဲ့ပါတယ်။ တိုက်လေယာဉ်မှူး အာဘင်နန်ဒန်ဟာ အိန္ဒိယပြည်သူတွေအကြား သူရဲကောင်း တဦးအဖြစ်  ကျော်ကြားလာသလို သူရဲ့ နှုတ်ခန်းမွေးစတိုင်လ်ဟာလည်း အိန္ဒိယ အမျိုးသားတွေအကြား ရေပန်းစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up