ကယ်လီဖာဟက်ဖ်တာ၏တပ်များ အင်အားစုနေသဖြင့် လစ်ဗျားပြည်သူများ စိုးရိမ်

လစ်ဗျားအရှေ့ပိုင်းက တပ်မှူး ကယ်လီဖာဟက်ဖ်တာ ဦးစီးတဲ့ တပ်တွေဟာ နိုင်ငံအလယ်ပိုင်းမှာ အင်အားစုနေပြီး မြို့တော် ထရီပိုလီကို သိမ်းဖို့ တာစူနေတာကြောင့် လစ်ဗျားပြည်သူတွေ စိုးရိမ်နေကြပါတယ်။ ကုလသမဂ္ဂအနေနဲ့ တပ်မှူး ကယ်လီဖာဟက်ဖ်တာနဲ့ ထရီပိုလီရှိ နိုင်ငံတကာအသိမှတ်ပြု အစိုးရကြား ကြားဝင်စေ့စပ်ပေးနေတယ်လို့ အနောက်နိုင်ငံ သံတမန်တွေက ပြောပါတယ်။ ဒါဟာ ပြိုင်ဘက်အစိုးရတွေကို ညီညွတ်စေပြီး ပရမ်းပတာတွေကို အဆုံးသတ်မယ့် ကုလသမဂ္ဂရဲ့ နောက်ဆုံးကြိုးပမ်းချက်ဖြစ်မှာကို သံတမန်တွေက စိုးရိမ်နေကြပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဟက်ဖ်တာဟာ နယ်မြေတွေ တခုပြီးတခု တိုးမြှင့် သိမ်းပိုက်နေပါတယ်။ သူက မြို့တော် ထရီပိုလီအထိ ချီတက်မလားဆိုတာကို မပြောသေးဘဲ ဒါဟာ တင်းမာမှုတွေကို ရုတ်ချည်း မြင့်တက်စေပါတယ်။ ဒါပေမယ့် ဟက်ဖ်တာရဲ့ လစ်ဗျား အမျိုးသားတပ် (LNA) က ဟက်ဖ်တာကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် အသိမှတ်မပြုရင် ထရီပိုလီအထိ ချီတက်နိုင်တယ်လို့ အရိပ်မြွက်ပြောကြားထားပါတယ်။ ဒါပေမယ့် မတ်လ ၈ ရက်  ထရီပိုလီနဲ့ မီရက်တာမြို့တွေမှာ ပြုလုပ်တဲ့ ဟက်ဖ်တာ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက လစ်ဗျားမှာ စစ်အုပ်ချုပ်ရေးကို အလိုမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဟက်ဖ်တာအနေနဲ့ ဖွဲ့စည်းပုံဥပဒေကို လေးစားပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့  ဆန္ဒပြသူတွေက မေတ္တာရပ်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up