လူမှုကွန်ရက်တွင် ရေပန်းစား အားပေးနေကြသည့် အမှိုက်ရှင်းလင်းရေး လှုပ်ရှားမှု
ပိုင်စိုး
·
March 10, 2019
အမှိုက်တွေရှုပ်ပွနေတာနဲ့ ရှင်းလင်းပြီးပုံတွေကို လူမှုကွန်ရက်မှာ မျှဝေကြပြီး အဲဒီပုံတွေကို လူတော်တော်များများ အားပေးနေကြပါတယ်။
အမှိုက်တွေရှိတာကို တပုံအရင်ရိုက်ထားပြီး ရှင်းလင်းပြီးသွားတဲ့ပုံနဲ့ တွဲပြီး တင်ထားကြတာပါ။
လတ်တလော လူကြိုက်များနေတာကတော့ အမျိုးသားတယောက်က အမှိုက်အိတ် ၁၀ အိတ်လောက်ကို ရှင်းလင်းသိမ်းဆည်းလိုက်တဲ့ပုံနဲ့ မိန်းကလေးငယ် ၃ ယောက် အတူတူ အမှိုက်တွေ ရှင်းလင်းပြီးတဲ့ပုံတွေ ဖြစ်ပါတယ်။
ဒီပုံတွေကို လူတွေ ထောင်သောင်းချီ မျှဝေကြ၊ နှစ်သက်ကြသလို ထောင်နဲ့ချီတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။
ဒီနေ့မှာလည်း မုံရွာ လူငယ်ကွန်ရက်က သူတို့ရဲ့ သန့်ရှင်းရေး လှုပ်ရှားမှုတခုကို ဒီပုံစံနဲ့ တင်လိုက်ပြီး လူတွေ အများကြီး အားပေးနေတာကို တွေ့ရပါတယ်။
သန့်ရှင်းရေး အသိပညာပေးလှုပ်ရှားတဲ့ အဖွဲ့တခုဖြစ်တဲ့ Clean Myanmar ကလည်း ဒီလိုပုံစံ လုပ်ဆောင်ရင် လက်ဆောင်ပေးမယ်လို့ မကြာခင်က ကြေညာထားပါတယ်။
လုပ်ဆောင်ရမယ် နည်းလမ်းကတော့ ဒီစိန်ခေါ်မှုကို လက်ခံတဲ့အနေနဲ့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်က အဲဒီပို့စ်ကို မျှဝေဖို့၊ ပြီးရင် အမှိုက်တွေရှုပ်ပွနေတာကို မရှင်းလင်းမီ ဓာတ်ပုံတပုံရိုက်ထားဖို့၊ ရှင်းလင်းပြီး သန့်ရှင်းသွားတာကို တပုံရိုက်ဖို့၊ အဲဒီ နှစ်ပုံကို တွဲပြီး #AcceptCleanupChallange #CleanTogether #CleanMyanmar ဆိုတဲ့ စာသားနဲ့ ဖေ့စ်ဘွတ်ခ်မှာ မျှဝေပါလို့ ဆိုပါတယ်။
ပြီးရင်တော့ သူတို့ကို မှတ်တမ်းပုံပေးပို့ရင် နေထိုင်ရာ မြို့၊ ရွာ ကားဂိတ်အရောက် အမှတ်တရ လက်ဆောင်ပို့ပေးမယ်လို့လည်း ဆိုပါတယ်။
ဒီလှုပ်ရှားမှုကို တယောက်တည်း၊ ဒါမှမဟုတ် အဖွဲ့လိုက် လုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။