Homeမြန်မာသတင်း
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အလုပ်သမားအရေး ထိုင်း-မြန်မာ ဆွေးနွေး
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အလုပ်သမားအရေး ထိုင်း-မြန်မာ ဆွေးနွေး
DVB
·
March 10, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနဲ့ အလုပ်သမားရေး ဆွေးနွေးခဲ့ကြပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မတ် ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက နိုင်ငံခြားရေး ၀န်ကြီးဌာန ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့တာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေ၊ ထိုင်းက အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်အတွင်း ချမှတ်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေနဲ့ အာဆီယံက ကူညီပံ့ပိုးပေးနိုင်မယ့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီထားတဲ့ H.E.Mrs. Suphatra Srimaitreephitak နဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။