Home
မြန်မာသတင်း
စစ်တွေမြို့တွင် မီးလန့်မှုများ ဆက်တိုက်ဖြစ်ပွား
ရွှေအောင်
·
October 8, 2012
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနေ့က မီးလန့်မှုတခုဖြစ်ပွားခဲ့ပြီး၊ ဒီနေ့ မွန်းလွဲပိုင်းမှာ လည်း အောင်မင်္ဂလာရပ်ကွက်မှာ မီးကွင်းပစ်တယ်ဆိုတာကြောင့် လုံခြုံရေး အထူးချထားပြီး လမ်းပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မီးလန့်မှုတွေနဲ့ပတ်သက်ပြီး မြို့ခံ ၀ံလက်ကျေးလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးသိန်းထွန်းအေးက အခုလို ပြောပါတယ်။ “မနေ့က ဗလီမီးရှို့တာမဟုတ်ဘူး။ ဗလီထဲမှာ ဆောက်ထားတဲ့ ဗလီမိသားစုတွေနေတာလား မသိဘူး၊ အဲက မီးထလောင်တာပါ။ မီးသတ်ကားနဲ့ငြိမ်းလိုက်တယ်။ ဒီနေ့က အောင်မင်္ဂ လာရပ်ကွက်(အင်ပါလာ)မှာ ဆိုင်ကယ်နဲ့လာပြီး မီးကွင်းချတယ်ပြောတယ်၊ သတင်းထွက်တယ်။ ကျနော်တို့လည်း မမြင်လိုက်ဘူး၊ အဲ့လမ်းကို ပိတ်ဆို့ထားလိုက်တယ်။ ဘယ်သူမှဝင်လို့မရဘူး။” ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးသန့်က “လုံခြုံရေးအဖွဲ့တွေက အမြဲတမ်း ပွိုင့်တွေမှာလည်းရှိတယ်။ အမြဲတမ်း အလှည့်ကျ နေ့ရောညပါ လှည့်နေတာပါ။ မနေ့ကလည်း မီးထလန့်တာပေါ့။ လူလည်းမနေတော့ စာအုပ်စာတမ်းထားတဲ့နေရာက မီးထတောက်တဲ့သဘောပါ။ ပြည်နယ်အစိုးရ အနေနဲ့တော့ မြို့မိမြို့ဖတွေနဲ့တွေ့ပြီး ဟိုဘက်ဒီဘက် အဖွဲ့အစည်းတွေအားလုံးနဲ့တွေ့ပြီး ရှင်းပြနေတာပါ။ ပြည်တွင်းသတင်းထောက်တွေကိုလည်း အမြဲတမ်း ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဦးလှသိန်း ဥပဒေချုပ်တို့က ဦးစီးပြီး ခေါ်ခေါ်ပြီး ရှင်းပြနေပါတယ်။ တပတ်တခါလောက်ဖြစ်ဖြစ် လုပ်နေတဲ့လုပ်ငန်းစဉ်တွေ ဘယ်သူလာတယ်၊ ဘယ်သူတွေနဲ့တွေ့တယ်ဆိုတာ ရှင်းပြနေပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာလည်း ရေခဲချောင်းရောင်းတဲ့ ကလေးတယောက် ပျောက်တယ်ဆိုပြီး စစ်တွေမြို့မှာ လူစုလူဝေး ဖြစ်ခဲ့ပါသေးတယ်။ ကောလာဟလသတင်းတွေလွှင့်ပြီး ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် လုပ်နေတယ်လို့ ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်  အာဏာပိုင်တွေအနေနဲ့ ဘယ်သူတွေ လုပ်နေတယ်ဆိုတာ တိတိကျကျဖော်ထုတ်ပေးဖို့ မြို့ခံတွေက အလိုရှိနေကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024