တူရကီဘောလုံးသမား ဘရိတ်ဓားဖြင့် ပြိုင်ဘက်ကစားသမားများကို တိုက်ခိုက်ခဲ့သလား (ရုပ်သံ)

1.2K
တူရကီနိုင်ငံက ဘောလုံးပွဲတပွဲမှာ ကစားသမားတဦးက လက်ထဲမှာ ဓားကိုဝှက်ပြီး ပြိုင်ဘက်ကစား သမားတွေကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံနေရကြောင်း မတ် ၇ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။
စွပ်စွဲခံရတဲ့သူက တူရကီ တတိယတန်းကလပ် အာမတ်စပေါအသင်းရဲ့ ကစားသမား မန်ဆာကာလာဆိုသူ ဖြစ်ပါတယ်။
ကာလာတို့အသင်းဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ဆာကာရာစပေါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပွဲအပြီး ၃ ရက်နေ့မှာ ဆာကာရာစပေါ အသင်းရဲ့ကစားသမားတွေဟာ ဘောလုံးကစားနေစဉ် သူတို့ ဒဏ်ရာရခဲ့ကြောင်း ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်တင်ခဲ့ပါတယ်။ ပုံတွေနဲ့အတူ ဒီဒဏ်ရာတွေဟာ မန်ဆာကာလာကြောင့် ရတာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် ကာလာနဲ့ သူ့အသင်းဘက်က ဒီစွပ်စွဲမှုတွေကို ငြင်းဆန်ထားပေမယ့် ဒီပွဲရဲ့ ရုပ်သံမှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါမှာ ကစားပွဲရဲ့ အကြမ်းတမ်းဆုံးအခြေအနေကို ရောက်တိုင်း ကာလာရဲ့ သံသယရဲ့ ဖြစ်ဖွယ်အပြုအမှုတွေကို မြင်တွေ့ခဲ့ရတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
လူမှုကွန်ရက်ပေါ် ရောက်ရှိလာတဲ့ ဗွီဒီယိုဖိုင်တွေမှာလည်း ပွဲမစခင်မှာ ကာလာဟာ သူ့ရဲ့ဘယ်ဘက်လက်မှာ အရာဝတ္တုတခုကို ဝှက်လိုက်တာ တွေ့ခဲ့ရပြီး ပွဲချိန်တွင်းမှာ အဲ့ဒီလက်နဲ့ ပြိုင်ဘက်ကစားသမားတွေကို တိုက်ခိုက်ခဲ့တာ တွေ့ခဲ့ရပါတယ်။
ဆာကာရာစပေါအသင်းဘက်ကတော့ သူတို့ကစားသမားတွေဟာ ပွဲပြီးလို့ တယောက် ဒဏ်ရာ တယောက်မြင်တွေ့ခဲ့ချိန်မှာမှ ဒီဖြစ်ရပ်ကို သတိပြုမိတာလို့ဆိုပါတယ်။
“ဒီကစားသမားက ကွင်းထဲမှာ ရည်ရွယ်ချက်ရှိရှိကို တိုက်ခိုက်ခဲ့တာပါ။ သူ့လက်ချောင်းတွေထဲမှာ ဓားကိုဝှက်ထားပါတယ်” လို့ ဆာကာရာ စပေါအသင်းဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရလည်း ဆာကာရာစပေါ ကစားသမားတွေရဲ့ လည်ပင်း၊ လက်မောင်းနဲ့ ကျောတွေမှာ အစင်းလိုက်ခြစ်ရာတွေ ရရှိခဲ့တာ တွေ့ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ တူရကီရဲတပ်ဖွဲ့က စွပ်စွဲခံထားရတဲ့ ကာလာကိုစုံစမ်းမှုပြုလုပ်နေပြီး ပြိုင်ဘက်ကစားသမားတွေကလည်း အမှုဖွင့်ထားတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
လက်ရှိအချိန်မှာတော့ အာမတ်စပေါအသင်းပိုင်ရှင်က ကာလာဘက်က ကာကွယ်ပြောဆိုထားပြီး ဒဏ်ရာရတဲ့အကြောင်းကို ပွဲချိန်အတွင်း ဘာကြောင့်ဒိုင်လူကြီးကို အသိမပေးခဲ့တာလဲလို့ ပြိုင်ဘက်အသင်းနဲ့ ကစားသမားတွကို မေးခွန်းထုတ်ထားပါတယ်။
ကာလာကလည်း စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ၁၁ နှစ်ကြာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝအတွင်း ဒီလိုညစ်ပတ်တဲ့ အပြုအမှုမျိုး လုပ်ခဲ့တာမရှိဘဲ အနီကတ်တောင် မထိခဲ့ဖူးဘူးလို့ ဆိုပါတယ်။