ကမ္ဘောဇဘဏ်တွင် ငွေထုတ်သူများကို လိုသလောက် ထုတ်ပေးဟုဆို
ရွှေအောင်
·
October 8, 2012
ကမ္ဘောဇဘဏ်မှာ ငွေထုတ်ငွေသွင်းပြုလုပ်သူတွေ အဆင်ပြေစေဖို့အတွက် ဒီနေ့ မနက် ၈ နာရီကတည်းက ဘဏ်ကောင်တာတွေ ဖွင့်ပေးထားတယ်လို့ သိရပါတယ်။
ဒီနေ့မှာ ဘဏ်ကောလာဟလကြောင့် ငွေလာထုတ်သူတွေရှိသလို ပုံမှန်ငွေထုတ်ငွေသွင်း လုပ်နေသူတွေလည်း ရှိတယ်။
ပုဂ္ဂလိကဘဏ်တွေမှာ လာရောက် အပ်နှံထားတဲ့ ငွေတွေဟာ ဗဟိုဘဏ်မှာ ရှိတဲ့အတွက် ငွေထုတ်လိုသူတွေ သူတို့ထုတ်ချင်တဲ့ ငွေပမာဏ အတိုင်း ထုတ်နိုင်အောင် ဗဟိုဘဏ်က စီစဉ်ထားတယ်လို့ ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောပါတယ်။
ပုဂ္ဂလိကဘဏ်အားလုံးကို ဗဟိုဘဏ်က စနစ်တကျ စီမံအုပ်ချုပ်ထားတာမို့ ဘဏ်တွေ ပြိုကွဲဖို့ဆိုတာ မဖြစ်နိုင်သလို၊ အပ်ထားတဲ့ငွေတွေ ဆုံးရှုံးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ဦးဝင်းသော်က ပြောပါတယ်။
အရင် မေဖလားဝါးဘဏ်နဲ့ အာရှဓနဘဏ်တို့ ပြိုကွဲခဲ့တုန်းကလည်း အဲ့ဒီဘဏ်တွေ မှာ ငွေအပ်ထားသူတွေ တဦးတယောက်မှ ဆုံးရှုံးခဲ့တာ မရှိပါဘူးလို့လည်း ပြောပါတယ်။
ကမ္ဘောဇဘဏ် ကောလာဟလနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်က တာဝန်ယူတဲ့အကြောင်း ပြီးခဲ့တဲ့ စနေနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးခဲ့ပြီးပေမယ့် ဒီနေ့မှာ ငွေလာထုတ်သူတွေ များပြားနေသေးတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။