ကနေဒါ မုန်ညင်းစေ့ထဲ အန္တရာယ်ရှိ ရောဂါပိုးပါဝင်သဖြင့် တင်သွင်းခွင့် တရုတ် ပယ်ဖျက်

ကနေဒါနိုင်ငံကနေ တရုတ်နိုင်ငံ တင်သွင်းလာတဲ့ မုန်ညင်းစေ့တွေထဲမှာ အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေ ပါလာတာကြောင့် တင်သွင်းခွင့် ပယ်ဖျက်လိုက်တယ်လို့  တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ ကနေဒါအခြေစိုက် Richardson International Ltd ကုမ္ပဏီက တရုတ်နိုင်ငံဆီကို သင်္ဘောနဲ့ မုန်ညင်းစေ့ တင်ပို့ခွင့် လျောက်တင်ချက်ကို ပယ်ဖျက်လိုက်တာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လူကန်းက “ကနေဒါကုမ္ပဏီတခုကနေ တင်ပို့လာတဲ့ မုန်ညင်းစေ့တွေမှာ အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေ ပါလာတာကို အကောက်ခွန်အရာရှိတွေက မကြာခဏ တွေ့ခဲ့ရပါတယ်။ ကုမ္ပဏီတခုက တင်ပို့ကုန်ကတော့ ပြဿနာ အတော်ပြင်းထန်တယ်။ ဒီလိုအခြေအနေကြောင့်  မုန်ညင်းစေ့ တင်သွင်းတာကို ယာယီဆိုင်းငံ့ထားဖို့ တရုတ် အကောက်ခွန်ဌာနအနေနဲ့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံက နားလည်မယ်လို့ ယုံကြည်ပါတယ်။ တခြားနိုင်ငံတွေလိုပဲ တရုတ်အစိုးရအနေနဲ့ ပြည်သူတွေ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။ မုန်ညင်းစေ့တင်ပို့တဲ့ ပြဿနာအပြင် တရုတ်နဲ့ ကနေဒါ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေတဲ့ အကြောင်းအရင်းတခု ရှိပါသေးတယ်။ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်ကြောင့်  ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် မုန့်ဝမ်ကျိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကနေဒါနိုင်ငံကို ရောက်နေချိန်မှာ  အဖမ်းခံခဲ့ရပါတယ်။ မုန့်ဝမ်ကျိုးဟာ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဆက်သွယ်ရေးပစ္စည်းတွေ ရောင်းဝယ်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။ မန့်ဝမ်ကျိုးအဖမ်းခံရပြီးတဲ့နောက် တရုတ်အစိုးရက ကနေဒါနိုင်ငံသားနှစ်ဦးကို အမျိုးသားလုံခြုံရေး စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။ မုန့်ဝမ်ကျိုးကို မတ် ၆ ရက်နေ့က ကနေဒါနိုင်ငံ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up