အထက်အရာရှိ အဓမ္မပြုကျင့်တာ ခံခဲ့ရဟု အမေရိကန် အမျိုးသမီးအမတ် ဖွင့်ဟ

ဓာတ်ပုံ - Reuters
အမေရိကန် အထက်လွှတ်တော်အမတ်နဲ့ အမေရိကန်လေတပ်ရဲ့ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး မာသာ မက်ဆယ်လီက သူ့ကို အထက်အရာရှိက အဓမ္မပြုကျင့်ခဲ့ဖူးတယ်လို့ မတ် ၆ ရက်မှာ ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ့ကိုယ်သူပဲ အပြစ်တင်ခဲ့ပြီး စနစ်အပေါ် အယုံအကြည် မရှိတာကြောင့် ဒီအမှုကို မတိုင်ကြားခဲ့ဘူးလို့ ဆိုပါတယ်။ အသက် ၅၂ နှစ်အရွယ် မက်ဆယ်လီဟာ အောက်လွှတ်တော်မှာ အမတ်အဖြစ် သက်တမ်းနှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ အထက်လွှတ်တော်ရဲ့ လက်နက်ကိုင်ဝန်ဆောင်မှု ကော်မတီခွဲ ကြားနာပွဲမှာ သူက မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။ အမေရိကန်စစ်တပ်အတွင်း လိင်ပိုင်းစော်ကားတာနဲ့ တိုက်ခိုက်တာတွေကို များသောအားဖြင့် မတိုင်ကြပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကမ်းတက်တပ်ဖွဲ့ မရိမ်းတပ်သားတွေကြား အမျိုးသမီးတွေရဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ မျှဝေမှုအပြီးမှာ ဒီအရေးက ပြန်ဆန်းသစ်လာခဲ့ပါတယ်။ လေတပ်ကတော့ မှတ်ချက် ချက်ချင်းမပေးသေးပါဘူး။ လွန်ခဲ့တဲ့ နှစ်လကလည်း အမေရိကန်စစ်ပြန်နဲ့ အထက်လွှတ်တော်အမတ် ဂျိုနီ အားနက်စ်က သူသိတဲ့ လုပ်ဖော်ကိုင်ဘက်က အဓမ္မပြုကျင့်တာ ခံရဖူးသလို ခင်ပွန်းဟောင်းကလည်း ကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့တယ်လို့ လူသိရှင်ကြား ပြောခဲ့ပါတယ်။ ခင်ပွန်းဟောင်းရဲ့ ရှေ့နေကတော့ မှတ်ချက်တစုံတရာ မပြောခဲ့ပါဘူး။ ရီပတ်ဘလစ်ကန် အမတ် အားနက်စ်ဟာ အရင်က ဒီမိုကရက် အထက်လွှတ်တော်အမတ် ခရစ္စတင်း ဂီလီဘရန်းနဲ့အတူ အလုပ်လုပ်ရင်း စစ်တပ်အတွင်း လိင်ပိုင်းနှောင့်ယှက်မှု တိုက်ဖျက်ရေး ကြိုးစား လုပ်ဆောင်ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up