ဂျပန်ရိုးရာ သရဲခြောက်သည့် အလေ့အထ ပြန်ရှင်သန်လာ(ရုပ်သံ)

ဂျပန်နိုင်ငံမှာ ရိုးရာအစဉ်အလာတခုဖြစ်တဲ့ နာမာဟာဂဲဆိုတဲ့ သရဲခြောက်တဲ့ အလေ့အထဟာ တိမ်မြုပ်လုနီးပါး အခြေအနေကနေ ပြန်လည်ရှင်သန်လာပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်း အိုဂါမြို့လေးက ရွာတရွာမှာ နာမာဟာဂဲ သရဲနှစ်ကောင်က အိမ်တအိမ်ထဲ အတင်းဝင်ရောက်ပြီး ကလေးငယ်တွေနဲ့ သူတို့ကို စိတ်ဝင်တစား စမတ်ဖုန်းနဲ့ ဗွီဒီယိုရိုက်နေတဲ့ ကမ္ဘာလှည့်ခရီးသွားတစုကို သရဲခြောက်ပြပါတယ်။ ဒီရိုးရာအစဉ်အလာမှာ လူငယ်ကာလသားတွေက “ဒီအိမ်မှာ ဆိုးတဲ့ကလေးတွေ ရှိကြလား” လို့ အော်မေးပြီး အိမ်ထဲဝင် သရဲခြောက်ကြတာပါ။ အိုဂါမြို့မှာ ရာစုနှစ်ချီ ထိန်းသိမ်းလာတဲ့ နှစ်သစ်ကူးအကြို အစဉ်အလာဟာ မကြာသေးမီကာလအထိ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က နာမာဟာဂဲ သရဲလုပ်မယ့်လူငယ်က မရှိဘူး။ မာဆုကာဝါရဲ့ နာမာဟာဂဲ အစဉ်အလာကို တခြားဒေသက လူငယ်တွေရဲ့ အကူအညီနဲ့ ထိန်းသိမ်းဖို့ စီစဉ်ထားပါတယ်” လို့ မာဆုကာဝါ အဖွဲ့အစည်းခေါင်းဆောင် တက်ဆုအိုဆာတိုက ပြောပါတယ်။ နှင်းဖုံးတောင်တန်းပေါ်က မီးတုတ်ကိုင်သရဲတွေ ဆင်းလာတဲ့ ဒီပွဲတော်ကြောင့် ခရီးသွားတွေ လှိမ့်ဝင်လာပြီး အိုဂါမြို့ လူဦးရေဟာ ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပါတယ်။ မီးတုတ်ကိုင်သရဲတွေ စီတန်းလှည့်လည်စဉ်အတွင်း ကောက်ရိုးဝတ်စုံက ထွက်ကျလာတဲ့ ကောက်ရိုးမျှင်တွေဟာ ကံကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်။ “အစဉ်အလာအရဆိုရင် ဒေသခံလူငယ်တွေ ပါဝင်ရမယ်။ ဒါပေမယ့် အဲဒီအတိုင်းသွားရင် လူငယ်ယောက်ျားလေးတွေက နည်းနေတယ်။ ဒီတော့ တချို့နေရာတွေမှာ သက်ကြီးရွယ်အိုတွေကို ခွင့်ပြုကောင်း ခွင့်ပြုနိုင်တယ်။ ဒေသခံမဟုတ်သူတွေနဲ့ အမျိုးသမီးတွေကိုတောင် ဖိတ်ခေါ်တာမျိုး လုပ်နိုင်တယ်” လို့ ဆေးဂျိုတက္ကသိုလ် ယဉ်ကျေးမှု သမိုင်းပါမောက္ခ ဆာတိုရုဟရိုကီက ပြောပါတယ်။ ကိုကိုရို အိုတာနီဆိုတဲ့ အမျိုးသမီးကတော့ ဒီရိုးရာအစဉ်အလာကို ထိန်းသိမ်းဖို့ စိတ်အားထက်သန်ပါတယ်။ သူကတော့ မျက်နှာဖုံးနဲ့ တံဆိပ်ခေါင်း အပါအဝင် နာမာဟာဂဲနာမည် ထုတ်ကုန်များစွာကို ဒီဇိုင်းပြုလုပ်သူ ဖြစ်ပါတယ်။ “ဘယ်လောက်ကြာမလဲ။ ဘယ်တော့ဖြစ်လာမလဲတော့ မပြောတတ်ဘူးပေါ့လေ။ ဒါပေမယ့် တနေ့ကျရင် အမျိုးသမီးတွေကို ဒီရိုးရာအစဉ်အလာပွဲမှာ ဝင်ခွင့်ပြုအောင် ကျမကို ပါဝင်ခွင့်ပြုအောင် ကျမ ဆက်ကြိုးစားချင်တယ်” လို့ ရိုးရာအစဉ်အလာ ပြန်လည်ရှင်သန်ရေး အဖွဲ့က ကိုကိုရို အိုတာနီက ပြောပါတယ်။ မနှစ်က ယူနက်စကိုဟာ နာမာဟာဂဲကို ထိတွေ့လို့မရတဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့ပြီး ပြန်လည်အသက်သွင်းကာ ခရီးသွားတွေ အာရုံစိုက်ရာ နေရာအဖြစ် ထည့်သွင်းခဲ့ပါတယ်။ ဒီလိုစာရင်းသွင်းတာဟာ ခရီးသွားလုပ်ငန်း အခြေခံတဲ့ ဒေသစီးပွားရေးကို ဖွံဖြိုးစေပြီးနောက် ဒေသတာဝန်ရှိသူတွေက ဒီအစဉ်အလာကို ရေရှည်ထိန်းသိမ်းဖို့ မျှော်လင့်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up