Home
မြန်မာသတင်း
စပါးမှောင်ခို ပြည်ပတင်ပို့မှုကို တားဆီးရန် အခက်အခဲရှိနေ
နေဖြိုးဝင်း
·
March 6, 2019
မြန်မာနိုင်ငံကနေ စပါးကို တရားဝင် ပြည်ပတင်ပို့ခွင့် ပြုမထားပေမယ့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ၀ယ်လိုအားကြောင့် တရားမ၀င် တင်ပို့တာတွေရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။ မတ်လ၆ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ် ဦးထွန်းထွန်းဦးက စပါးတွေကို နယ်စပ်လမ်းကြောင်းတွေက တဆင့် နည်းလမ်းမျိုးစုံနဲ့ ပြည်ပကို တရားမ၀င်တင်ပို့နေတာ တွေကို ထိရောက်စွာ တားဆီးထိန်းချုပ်ဖို့ ကိစ္စ မေးမြန်းရာမှာ ဒုဝန်ကြီးကဖြေကြားသွားတာပါ။ "စစ်ဆေးရေးစခန်းတွေကို ရှောင်ကွင်းနိုင်တဲ့ တရားမ၀င်ရှောင်ကွင်းလမ်းတွေ၊ တရားမ၀င် နယ် စပ်ဝင်ပေါက်၊ ထွက်ပေါက်တွေရှိနေပြီး နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့ အခြေအနေတွေ ကြောင့် စပါးမှောင်ခိုတင်ပို့တာတွေကို အပြည့်အ၀ ထိရောက်စွာ တားဆီးပိတ်ဆို့နိုင်ဖို့  အခက်အခဲရှိနေပါတယ်" လို့ ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးဇုန်တွေနဲ့ ကုန်သွယ်ရေးစခန်းတွေမှာ စစ်ဆေးနေသလို ရှောင်ကွင်းလမ်းတွေကနေ တရားမ၀င်ကုန်သွယ်နေတဲ့သတင်းတွေ ရရင်လည်း တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ ဖွဲ့စည်းထားတဲ့ တရားမ၀င်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့တွေကို အသိ ပေးပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း စပါးကို လွတ်လပ်စွာ သယ်ယူခွင့်ပြုထားတဲ့အတွက် ပြည်ပကို တရားမ၀င်စပါး တင်ပို့နေသူတွေဟာ ပြည်တွင်းမှာပဲ သယ်ဆောင်သယောင် အသွင်ယူပြီး တရားမ၀င်တင်ပို့နေတာတွေကို တွေ့ရတယ်လို့ လည်း ဒုတိယ၀န်ကြီးက ပြောပါတယ်။ မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ရေပူအမြဲတမ်းကုန်စစ်ဆေးရေးစခန်းနဲ့ ရန်ကုန်-မြ၀တီ ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ မရမ်းချောင် အမြဲတမ်း ကုန်စစ်ဆေးရေး စခန်းတွေမှာ တရားမ၀င် စပါးတင်ပို့နေတာတွေကို တားဆီးထိန်းချုပ်နေတယ်လို့ ဆိုပါတယ်။ တရားမ၀င်စပါးတင်ပို့နေတာကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကနေ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ထိ မန္တလေး-မူဆယ်လမ်း ကြောင်းပေါ်ရှိ (၁၆)မိုင် စစ်ဆေးရေးစခန်းမှာ ဖမ်းဆီးရမှု ၁၄ ကြိမ်၊ စုစုပေါင်း စပါး ၁၆၄ ဒသမ ၀၅ တန်၊ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းကနေ ဖမ်းဆီရမှု ၁၀ ကြိမ်၊ စပါးတန်ချိန် ၆၁ ဒသမ ၂၉၅ တန်ကို တားဆီးနိုင်ခဲ့ တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024