တိုက်လေယာဉ်မှူး အာဘင်နန်ဒန်၏ နှုတ်ခမ်းမွေးပုံစံ အိန္ဒိယအမျိုးသားများအကြား ရေပန်းစား

ပါကစ္စတန်ဘက်က ပြန်လွှတ်လိုက်တဲ့ အိန္ဒိယတိုက်လေယာဉ်မှူး အာဘင်နန်ဒန်ကို အားကျပြီး ဘန်ဂလောမြို့က အမျိုးသားတွေဟာ အာဘင်နန်ဒန်ရဲ့ နှုတ်ခမ်းမွေးပုံစံ ထားနေကြပါတယ်။ အငြင်းပွား ကက်ရှ်မီးယားဒေသမှာ အမြောက်ပစ်ခတ်တာတွေ ဆက်ရှိနေပေမယ့် မတ်လ ၁ ရက်နေ့က ပါကစ္စတန်အစိုးရဟာ ဖမ်းဆီးထားတဲ့ အိန္ဒိယတိုက်လေယာဉ်မှူး အာဘင်နန်ဒန်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အာဘင်နန်ဒန်ရဲ့ MiG-21 တိုက်လေယာဉ်ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပါကစ္စတန် တိုက်လေယာဉ်နဲ့ ဝေဟင်တိုက်ပွဲ ဖြစ်ခဲ့ပြီး ပါကစ္စတန်ပိုက်နက်အတွင်း ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး အာဘင်နန်ဒန် ရိုက်နှက်ခံရတဲ့ ဗွီဒီယိုဖိုင်တွေ ပါကစ္စတန်ရုပ်သံနဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ပြီးနောက် အိန္ဒိယပြည်သူတွေက သူ့ကို အလေးထားလာခဲ့ပါတယ်။ မိုဟာမက်ချန်ဆိုတဲ့ ဒေသခံတဦးက “တိုက်လေယာဉ်မှူး အာဘင်နန်ဒန်နဲ့ ကျနော်က မျက်နှာ်ချင်းဆင်တယ်လေ။ ဒါကြောင့်မို့ သူ့ကိုသဘောကျပြီး သူထားတဲ့ နှုတ်ခမ်းမွှေးပုံစံ ထားတာပါ” လို့ ပြောပါတယ်။ နန်နက်ရှ် ဆံသဆိုင်ပိုင်ရှင်ကလည်း “ကျနော်တို့က တိုက်လေယာဉ်မှူး အာဘင်နန်ဒန်ကို လေးစားတယ်။ ဒါကြောင့်မို့ သူ့လို နှုတ်ခမ်းမွေးပုံစံ ထားတာပါ။ ကျနော်တို့က ပါကစ္စတန် ပိုက်နက်ထဲ သွားလို့မရဘူးလေ။ ကျနော်တို့ သူရဲကောင်းကြီးက အဲဒီကိုသွားပြီး ပြန်လာတယ်။ ဒါကြောင့် ကျေန်ာတို့က သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့လို နှုတ်ခမ်းမွေးပုံစံ ထားကြတာပါ” လို့ ပြောပါတယ်။ တိုက်လေယာဉ်မှူး အာဘင်နန်ဒန်ဟာ အိန္ဒိယပြည်သူတွေအကြား သူရဲကောင်းတဦးအဖြစ်  ကျော်ကြားလာသလို သူ့ရဲ့ နှုတ်ခမ်းမွေးပုံစံဟာလည်း အိန္ဒိယအမျိုးသားတွေအကြား ရေပန်းစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up