ဓမ္မတာလာခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာဝေမျှခြင်း ကမ်ပိန်းပြုလုပ်
DVB
·
March 5, 2019
အမျိုးသမီးများ ဓမ္မတာလာခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာဝေမျှခြင်းနဲ့ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း So What ? ကမ်ပိန်း မိတ်ဆက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပပါတယ်။
ဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးရဲ့ အကူအညီနဲ့ ပန်းကလေးအဖွဲ့ကနေ ဦးစီးကျင်းပတာ ဖြစ်ပါတယ်။
ဒိန်းမတ်သံရုံးက ဟန်နီကားရပ်စ်က “ဒီပွဲကျင်းပရတာဟာ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာတာဟာရှက်စရာကိစ္စ တခုမဟုတ်ဘူး၊ ဓမ္မတာရာသီသွေးဖြစ်ပေါ်တဲ့ ကိစ္စရပ်တွေနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြည်သူတွေ ပိုမိုသိရှိလာဖို့ ဒီပွဲ ကျင်းပတာ”လို့ ပြောပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ရာသီသွေးပေါ်တာနဲ့ စပ်လျဉ်းတဲ့ မကောင်းတဲ့ အမြင်တွေကို ချိုးဖျက်ပစ်ရမယ့် နှစ်လို့ယူဆတာကြောင့် So What? ကမ်ပိန်းကို ပြုလုပ်ရတာလို့လည်း ပြောပါတယ်။
ဒီလှုပ်ရှားမှုမှာ ဒေါက်တာဖြိုးသီဟအပါအဝင် နာမည်ကြီးအနုပညာရှင်တွေလည်း ပါဝင်ပြီး အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။