အင်ဒိုနီးရှားနှင့် သြစတြေးလျ နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်ရန် သဘောတူ

ဓာတ်ပုံ - REUTERS/Willy Kurniawan
အင်ဒိုနီးရှားနဲ့ သြစတြေးလျ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးတွေဟာ နယ်ပယ်အမျိုးမျိုးမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ ရည်မှန်းတဲ့ သဘောတူညီချက်တွေကို မတ်လ ၄ ရက်က လက်မှတ်ထိုးလိုက်ပါတယ်။ လက်မှတ်ထိုးခဲ့တဲ့ နယ်ပယ်တွေထဲမှာ အိမ်နီးချင်း နှစ်နိုင်ငံကြား ကျွဲနွားမွေးမြူရေး၊ ပညာရေးကနေ ကားနဲ့ အထည်ထုတ်လုပ်ရေး လုပ်ငန်းတွေထိ ပါခဲ့တာပါ။ နှစ်နိုင်ငံကြား သံတမန်ရေး တင်းမာမှုတွေကြောင့် ၉ နှစ်ကြာ နှောင့်နှေးနေတဲ့ လုပ်ငန်းစဉ်အတွက် ဆွေးနွေးအပြီးမှာ အင်ဒိုနီးရှားမြို့တော် ဂျကာတာဟိုတယ်မှာ ဝန်ကြီးတွေ လက်မှတ်ထိုးခဲ့ကြတာပါ။ "ဒီနေ့ လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့ဟာ ကမ္ဘာကြီးဆီ သတင်းစကား ပါးလိုက်တယ်၊ ခေတ်မီပြီး ရည်မှန်းချက်ကြီးတဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေရဲ့ မူဘောင်ထဲမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ယုံကြည်မှုဟာ အကောင်းဆုံးလမ်းပဲဆိုတာ ကမ္ဘာကြီးကို သတင်းစကား ပါးလိုက်တာပဲ" လို့ သြစတြေးလျ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဆိုင်မွန် ဘာမင်ဟမ်က ပြောပါတယ်။ အင်ဒိုနီးရှား၊ သြစတြေးလျ အားလုံးပါဝင်တဲ့ စီးပွားရေးမိတ်ဖက် သဘောတူညီချက်ဟာ အင်ဒိုနီးရှားကနေ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် သြစတြေးလျက ကောက်ခံနေတဲ့ ထပ်ဆောင်းခွန်အားလုံးကို ဖယ်ရှားပေးမှာပါ။ အင်ဒိုနီးရှား အကောက်ခွန်ဌာနက ကျင့်သုံးနေတဲ့ ထပ်ဆောင်းခွန် ၉၄ ရာခိုင်နှုန်းကိုလည်း ဖယ်ရှားမယ်လို့ သဘောတူညီချက်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up