ကြက်တောင်ရိုက် ရွှေတံဆိပ် ၂ ဆုရှင် မသက်ထားသူဇာ တိုကျိုအိုလံပစ် ဝင်ခွင့်ရရန် ကြိုးစားမည် (ရုပ်သံ)

မြန်မာ့လက်ရွေးစင် ကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာဟာ ယူဂန္ဓာနဲ့ ကင်ညာနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲနှစ်ခုမှာ ရွှေတံဆိပ် ၂ ခု ရယူနိုင်ခဲ့ပြီး မတ်လ ၄ ရက်ညနေက ရန်ကုန်မြို့ကို ပြန်လည်ရောက်လာခဲ့ပါတယ်။ သက်ထားသူဇာအနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် ဂျပန်နိုင်ငံမှာကျင်းပမယ့် တိုကျို အိုလံပစ်မှာ ဝင်ပြိုင်ခွင့်ရဖို့အတွက် နိုင်ငံတကာ အသိအမှတ်ပြု ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ လတ်တလော အာဖရိကတိုက်မှာ ကျင်းပတဲ့ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာကြောင့် ခရီးဝေးတာ၊ ရာသီဥတု မတူတာနဲ့ အစားအသောက်ပိုင်းမှာ အခက်အခဲ တွေ့ခဲ့ရတယ်လို့ မသက်ထားသူဇာက ပြောပါတယ်။ “ခရီးသွားတာ ဝေးတာရယ်၊ အစားအသောက်ပိုင်းရယ်ပေါ့။ ကစားသမားတယောက်က အစားအသောက်ပိုင်းက အရေးကြီးပါတယ်။ အစားအသောက် အခက်အခဲရှိတယ်။ မြန်မာပြည်ကနေ ယူသွားရတယ်။ ပြီးတော့ ရာသီဥတု မတူတာတွေလည်း ရှိတယ်။ ညီမ သွားပြိုင်တာက တိုကျိုအိုလံပစ်အတွက် အမှတ်သွားစုတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကစားသမားတွေက ယူဂန္ဓာ၊ ကင်ညာတို့လို အိမ်ရှင်နိုင်ငံတွေ ပိုများပါတယ်။ ပြီးတော့ အီရန်၊ ဂျော်ဒန် ကစားသမားတွေနဲ့လည်း ရိုက်ရတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ အခုလောလောဆယ် ညီမရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်က အဆင့် ၁၅၀ ပါ။ အဆင့် ၁၀၀ လောက်ရရင်တော့ အိုလံပစ်မှာ ခြေစစ်ပွဲလောက်ကနေ ဝင်ကစားလို့ရပါတယ်။ ၂၀၂၀ ပြိုင်ပွဲကြီး မတိုင်ခင်မှာ ပြိုင်ပွဲတွေ ထပ်ပြီး ဝင်ပြိုင်ဖို့ရှိပါတယ်” လို့ မသက်​ထားသူဇာက ပြောပါတယ်​။ မသက်ထားသူဇာအနေနဲ့ လာမယ့်ဧပြီလမှာ ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ မြန်မာကြက်တောင်အားကစားသမားတချို့ဟာ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ မကြာခဏရနေပေမယ့် ဒေသတွင်းပြိုင်ပွဲတွေဖြစ်တဲ့ ဆီးဂိမ်းလိုပြိုင်ပွဲမှာတော့ ဆုတံဆိပ် ရယူနိုင်ခြင်းမရှိတာ ကြာခဲ့ပါပြီ။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေက ကစားသမားတွေက ကမ္ဘာ့အဆင့်ထိ ရှိတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up