ကျောက်စိမ်း ကုတင် ၃ လုံး နေပြည်တော် ကျောက်မျက်ပြပွဲတွင် ရောင်းချမည်
DVB
·
March 4, 2019
မန္တလေးမြို့မှာရှိတဲ့ ရွှေနဒီဦး ကျောက်မျက်ကုမ္ပဏီက ကျောက်စိမ်း ကုတင် ၃ လုံးကို လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ ၅၆ ကြိမ်မြောက် ကျောက်မျက်ပြပွဲမှာ ရောင်းချဖို့ ရှိနေပါတယ်။
ရောင်းချမယ့် ကျောက်စိမ်းကုတင် သုံးလုံးကတော့ ၆ ပေ × ၆ ပေခွဲ နှစ်ယောက်အိပ်ကုတင် ၂ လုံးနဲ့ ၄ ပေ ၁၀ လက်မ × ၆ ပေခွဲ တယောက်အိပ်ကုတင်တလုံး ဖြစ်ပြီး နှစ်ယောက်အိပ် ကုတင်တလုံးမှာ အန်အယ်လ်ဒီပါတီ အမှတ်တံဆိပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ကျောက်စိမ်းပြားနဲ့ ငြိမ်းချမ်းရေးဂျိုးငှက်ပုံ ထွင်းထုထားပါတယ်။
နှစ်ယောက်အိပ် ကုတင်မှာ ကြမ်းခင်းဈေးအဖြစ် ယူရိုငွေ ၁၀၀၀၀ နဲ့ တယောက်အိပ် ကုတင်မှာ ကြမ်းခင်းဈေး ယူရိုငွေ ၈၀၀၀ သတ်မှတ်ထားပါတယ်။
နှစ်ယောက်အိပ်ကုတင်မှာ အခင်းကို ကျောက်စိမ်းပုတီးလုံးရေ ၁၈၀၀၀ ကျော်၊ ဖက်လုံးကို ကျောက်စိမ်းပုတီးလုံးရေ ၃၇၀၀ နဲ့ ခေါင်းအုံးကို ကျောက်စိမ်းပုတီးလုံးရေ ၁၂၀၀ နဲ့ ပြုလုပ်ထား ပါတယ်။
တယောက်အိပ်ကုတင်မှာတော့ အခင်းကို ကျောက်စိမ်းပုတီးလုံးရေ ၁၄၀၀၀ ကျော်၊ ဖတ်လုံးနဲ့ ခေါင်းအုံးကို စုစုပေါင်း ကျောက်စိမ်းပုတီးလုံးရေ ၄၀၀၀ ကျော် နဲ့ ပြုလုပ်ထားပါတယ်။
သတ်မှတ် ငွေကြေးထက် ပိုရောင်းချခဲ့ရပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီအောင်နိုင်ရေးနဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။