Live
Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၁ ဦး ထပ်မံနုတ်ထွက်
DVB
·
March 4, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတချို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးတရားစွဲခံရပြီးနောက် ကျေးရွာ ၁၁ ရွာက အုပ်ချုပ်ရေးမှူး ၁၁ ဦး ထပ်မံ နုတ်ထွက် သွားပါတယ်။ ရခိုင်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးနေတာကြောင့် ပြီးခဲ့တဲ့မတ် ၁ ရက်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၈၉ ဦး နုတ်ထွတ်ခဲ့သလို ဒီကနေ့လည်း အုပ်ချုပ်ရေးမှူး ၁၁ ဦးထပ်မံ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ ဝေသာလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက“ကျနော်တို့ ဒီနေ့ ၁၁ ယောက် နုတ်ထွက်ပါတယ်။ မြောက်ဦးထွေအုပ်ရုံးကို သွားရောက်ပြီးတော့ နုတ်ထွက်စာတင်တာပါ။ အကြောင်းကတော့ဗျာ။ မြောက်ဦးမှာ ကျနော်တို့အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးလုပ်နေတဲ့ အချိန် အုပ်ချုပ်ရေးမှူးတွေက ဖမ်းဆီးခေါ်သွားတယ်ဗျ။ ဒီလိုဖမ်းသွားတယ်ဆိုတော့ ကျနော်တို့ မလုံခြုံတော့ဘူး။ ဥပဒေ အရကာကွယ်ပေးမယ့်သူ မရှိတော့ဘူး။ ဒီလိုဖြစ်လာတော့ ကျနော်တို့ ဆက်မလုပ်ချင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ အားလုံးသဘောတူ နုတ်ထွက်တာဖြစ်တယ်”လို့ ပြောပါတယ်။ ဒီကနေ့ ထပ်မံနုတ်ထွက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ဦးမောင်ကျော်သန်း ညောင်ပင်လယ်ကျေးရွာ (ကလပ)၊ ဦးစိုးမောင် (သင်းပန်းကိုင်း) ဦးမောင်သိန်းထွန်း (တန်းတင်)၊ ဦးမောင်မောင်သိန်း (ကလက)၊ ဦးစိန်လှမောင် (သူငယ်တော်)၊ ဦးလှသာထွန်း (ကင်းဆိပ်)၊ ဦးမောင်နီရွှေ (ပျားတဲ့)၊ ဦးမောင်ကျော်ဝင်း (ဝေသာလီ)၊ ဦးမောင်မောင်သိန်း (ကြိမ်ချောင်း)၊ ဦးလှမောင်သိန်း (ဇီးပင်ကြီး)၊ ဦးကျော်ဦးလှိုင် (သဘော)တို့ဖြစ်ကြပါတယ်။ အဆိုပါ အုပ်ချုပ်ရေးမှူး ၁၁ ဦးဟာ မြောက်ဦးမြို့နယ်မှာ စုဝေးပြီး ရာထူးတာဝန်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် မြောက်ဦးထွေအုပ်ရုံးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် နုတ်ထွက်စာ ပို့ပေးခဲ့ကြတာပါ။ သူငယ်တော်အုပ်ချုပ်ရေးမှူး စိန်လှမောင်က “ပထမအသုတ် နုတ်ထွက်သူတွေ ဘာလို့ မပါတာလဲဆိုတော့ ကျနော်တို့အဲ့ဒီနေ့ မရှိဗျ။ ဘာသာရေးကိစ္စတွေ လုပ်နေရတယ်။ ပြီးတော့ ခရီးလွန်နေတဲ့သူတွေရှိတယ်။ အဲ့ဒါကြောင့် အဲ့ဒီနေ့က အစည်းအဝေးကို မလာဖြစ်လိုက်ဘူး။ အုပ်ချုပ်ရေးမှူးတွေကို ဒီအကြောင်းမရှိဘဲ ဖမ်းဆီးသွားတယ်။ ကျနော်တို့အတွက် စိတ်ထဲမှာ လုံခြုံမှု မရှိတော့ဘူး လို့ခံစားရတယ်။ ဒါကြောင့် ကျနော်တို့ဆန္ဒအရ နုတ်ထွက်ကြတာပါ” လို့ပြောပါတယ်။ အခုလိုနုတ်ထွက်ဖို့ ဘယ်သူတဦးတယောက်ကမှ ဖိအားပေးဆိုတာတွေ ခြိမ်းခြောက် ပြောဆိုတာမရှိဘဲ ကိုယ်ကိုယ်တိုင်လုံခြုံမှုမရှိဘူးလို့ ယူဆတာကြောင့် နုတ်ထွက်ရတာလို့ လည်း ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က မြောက်ဦးမြို့နယ်ထဲက အုပ်ချုပ်ရေးမှူး ၄ ယောက်ကို ရဲကခေါ်ဆောင်သွာခဲ့ပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ တပ်မတော်က အမှုဖွင့် အရေးယူထားပါတယ်။ မတ်လ ၁ ရက်က မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၈၉ ဦး နုတ်ထွက်ခဲ့ တာနဲ့ပတ်သက်လို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဌေးမောင်ကတော့ ဥပဒေနဲ့အညီ တဦးချင်း၊ တယောက်ချင်း သဘောဆန္ဒနဲ့ တင်ပြတဲ့ စာမဟုတ်လို့ လတ်တလော နုတ်ထွက်ခွင့်ပေးမယ်အစီအစဉ် မရှိသေးဘူးလို စစ်တွေ မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024