အယ်လ်ရှာဘတ်အဖွဲ့ ပိုမိုတိုက်ခိုက်မည့် သတင်းကြောင့် ဆိုမာလီတွင် လုံခြုံရေး တင်းကျပ်

အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုက လာမယ့်ရက်တွေအတွင်း ပိုမိုတိုက်ခိုက်မယ်လို့ သတိပေးထားတာကြောင့် ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မိုဂါဒစ်ရှူးမြို့လယ် ဟိုတယ်နဲ့ အနားက အဆောက်အဦတွေကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ် သူပုန်တွေက သူတို့လက်ချက်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေနဲ့ ထင်ရှားတဲ့ စီးပွားရေးသမားတွေကို ပုံမှန်လက်ခံပြီး အစည်းအဝေး ကျင်းပတာကြောင့် ဟိုတယ် မက်ခါအယ်လ် မူခါရာမာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့လည်း အယ်လ်ရှာဘတ်တွေက ပြောပါတယ်။ အလောင်းတွေကို ရဲတွေက ထပ်ရှာတွေ့ခဲ့ပြီး ဒဏ်ရာရသူ အများအပြားကို ဒေသန္တရ ဆေးရုံတွေမှာ ကုသပေးနေပါတယ်။ “လက်နက်ကိုင်တပ်တွေကို လက်နက်တိုးပြီး တပ်ဆင်ပေးနေတယ်၊ သယ်ယူပို့ဆောင်ရေး ထောက်ပံ့နေတယ်၊ အယ်လ်ရှာဘတ်တွေကို နှိမ်နင်းနိုင်မယ်လို့ ခင်ဗျားတို့အားလုံးကို အာမခံတယ်" လို့ ဝန်ကြီးချုပ် ဟတ်ဆန် အလီ ခိုင်ရယ်က သတင်းထောက်တွေကို ပြောပါတယ်။ ၂ နှစ်အတွင်း အယ်လ်ရှာဘတ်တွေကို အဆုံးသတ်ပစ်မယ်လို့ ကတိပေးထားပေမယ့် သမ္မတ မိုဟာမက်ဒ် အဗ္ဗဒူလာဟီ ဖာမာဂျို အတွက် မလုံခြုံမှုက စိန်ခေါ်မှုကြီးတရပ် ဖြစ်နေတာပါ။ မြို့တော် အပြင်ဘက်က တိုက်ခိုက်ရေးသမား ရာပေါင်းများစွာကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခဲ့တာပါ။ ဒါပေမယ့် အယ်လ်ရှာဘတ်တွေဟာ အစိုးရအရာရှိတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး မြို့တော်အတွင်း ပုံမှန်ဆက်ပြီး တိုက်ခိုက်နေပါတယ်။ အရင်အပတ်က ဆိုမာလီ အစိုးရတပ်တွေဟာ ၁၁ နှစ်အတွင်း ပထမဆုံးအနေနဲ့ အာဖရိကသမဂ္ဂ တပ်စခန်းတွေ တပ်ချရာ အကြီးစား စစ်တပ်အခြေစိုက်စခန်းတွေကို ပြန်ပြီး ထိန်းချုပ်ခဲ့ပါတယ်။ ဆိုမာလီအခြေစိုက် အာဖရိကသမဂ္ဂ စစ်ဆင်ရေးတပ်က ဒေသတွင်း လုံခြုံရေးတာဝန်ကို ဆိုမာလီ ဒေသခံတပ်တွေဆီ ပြန်လွှဲပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up