အိန္ဒိယ-ပါကစ္စတန် ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားတွင် အမြောက်ဆန်များကျ၍ ဒေသခံများ ထွက်ပြေး

ဓာတ်ပုံ - SAJJAD QAYYUM / AFP
အိန္ဒိယနဲ့ ပါကစ္စတန် တခြမ်းစီ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား နယ်စပ်ဒေသတလျှောက်မှာ အမြောက်ဆန်တွေ ကျရောက်နေတာကြောင့် ရာချီတဲ့ ဒေသခံတွေဟာ မတ် ၂ ရက်နေ့မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ ပါကစ္စတန်အစိုးရ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ စာသင်ကျောင်းတွေအားလုံး ပိတ်ထားပြီး တချို့ ကောလိပ်နဲ့ စာသင်ကျောင်းဝင်းတွေမှာ နေရပ်ထွက်ပြေးလာတဲ့  ဒေသခံတွေကို နေရာချထားပါတယ်။ အိန္ဒိယစစ်သားတွေ ပစ်ခတ်တာကြောင့် နယ်စပ်ဒေသမှာ အရပ်သား ၂ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာလို့ ပါကစ္စတန်စစ်တပ်ရဲ့ မီဒီယာ ISPR  က မတ်လ ၂ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမယ့် ပါကစ္စတန်အစိုးရက ဖမ်းဆီးထားတဲ့ အိန္ဒိယလေယာဉ်မှူး အဘီနာဒန် ဗာ့သ်သာမန်ကို မတ် ၁ ရက်ညက ပြန်လွှတ်ပေးခဲ့တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပြေလျော့သွားဖွယ် ရှိပါတယ်။ အိန္ဒိယအစိုးရ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသဘက်မှာ ဖေဖော်ဝါရီ ၁၄ ရက်က အိန္ဒိယတပ်ထိန်းရဲ ၄၀ ကျော် သေဆုံးခဲ့တဲ့ အသေခံ ကားဗုံးခွဲမှုကြောင့် နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာခဲ့ကြတာပါ။ ဗြိတန်နိုင်ငံဆီက လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်ကတည်းက စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့တဲ့ နျူကလီးယား လက်နက်ပိုင်ရှင် အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ ပဋိပက္ခတွေ ထပ်မဖြစ်အောင် အမေရိကန်နဲ့ တရုတ် အပါအဝင် အနောက်နိုင်ငံတွေက ဝိုင်းဝန်းတိုက်တွန်းခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up