Home
မြန်မာသတင်း
လွိုင်ကော်တွင် အရက်ကြောင်သူတဦးက အစ်မဖြစ်သူနှင့်ကလေးငယ်ကို ဓားဖြင့်ခုတ်သတ်
နော်နိုရင်း
·
March 4, 2019
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပန်းသီရိဒေါရပ်ကွက်မှာ အရက်အလွန်အကျွံသောက်ပြီး အရက်ကြောင်နေတဲ့ အမျိုးသားတဦးက သူ့ရဲ့အမဖြစ်သူနဲ့ အသက် ၃နှစ်ခွဲအရွယ် ကလေးငယ် တဦးကို ဓားနဲ့ခုတ်မှု ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၂ ရက်က နားကီး (ခေါ်) ကစ္စတားကနေပြီး အပြင်မှာ မုန့်သွားဝယ်ပြန်လာတဲ့ အစ်မဖြစ်သူနဲ့ သူ့ရဲ့တူတော်စပ်တဲ့ ကလေးငယ်ကို ဓားနဲ့ ခုတ်သတ်ခဲ့တာ ဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူရဲ့ သမီး မမေရီဦးက တိုင်ကြားတဲ့အတွက် နားကီးကို ဖမ်းဆီး အရေးယူထားတယ်လို့ လွိုင်ကော်မြို့မ ရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။ “ပုဒ်မကတော့ ၃၀၂ လူသတ်မှုပဲဗျာ။  ဒီအမှုကို စခန်းမှူးစစ်တာလေ။ ဆိုတော့ စခန်းမှူးကို မေးမှရမယ်။” နားကီး(ခ)ကစ္စတားမှာ အစ်မနဲ့တူဖြစ်သူကို ဓားနဲ့ ခုတ်နေတဲ့အတွက်  ဒဏ်ရာတွေရရှိပြီး လွိုင်ကော်ဆေးရုံကို ပို့ဆောင်စဉ်သေဆုံးသွားတာလို့  အခင်းဖြစ်ရာအနီးရှိတွေရဲ့ပြောပြချက်အရ သိရပါတယ်။ သေဆုံးသူတွေကတော့ အသက် ၄၈နှစ်အရွယ် ဒေါ်ဂျွန်ဘယ်ရီနဲ့ အသက် ၃ နှစ်ခွဲအရွယ် မောင်ထက်ညီညီခိုင်တို့ ဖြစ်ပါတယ်။ နားကီးဟာ အစ်မနဲ့တူဖြစ်သူတို့ကို ခုတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ပေမယ့် ရဲစခန်းက လိုက်လံ ဖမ်းဆီးရာမှာ ဒီမော့ဆိုမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်ကပြောပါတယ်။ လတ်တလောမှာတော့ နားကီးကို လွိုင်ကော်မြို့မ ရဲစခန်းက ချုပ်ထားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024