Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် စိတ်ဝေဒနာရှင်တဦးက ဘုန်းကြီးကျောင်းကို လက်လုပ်မိုင်းဖြင့် ပစ်ပေါက်
Aung Ko Latt
·
March 4, 2019
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ဇဟောကျေးရွာရှိ ဒိက္ခဏာရုံကျောင်းတိုက်ကို ဒီမနက် မနက်အစောပိုင်း အရုဏ်ဆွမ်းပို့ချိန်မှာ စိတ်ဝေဒနာရှင် အမျိုးသားတဦးက လက်လုပ်မိုင်းနဲ့ ပစ်ပေါက်တာကြောင့် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ လက်လုပ်မိုင်းက ကျောင်းနဲ့ ဘုရားဆောင်ကြားမှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် သံဃာတွေနဲ့ လူတွေတော့ ထိခိုက်ဒဏ်ရာရခဲ့တာမရှိဘဲ အထိတ်တလန့်ဖြစ်ခဲ့တယ်လို့ ကျေးရွာသား တဦးက ပြောပါတယ်။ "ဒါက ဒုတိယအကြိမ်ဖြစ်တာ။ ပထမအကြိမ်ဖြစ်တာကလည်း သိပ်မကြာသေးဘူး။ အဲဒီ တုန်းကတော့ အမှုမဖွင့်ဘူးထင်တယ်။ အခုကတော့ အမှုဖွင့်မှာ။ ရွာကလည်း မကျေနပ်ဘူး။ နောက်ပိုင်း လူတွေပါ အန္တရာယ်ဖြစ်လာနိုင်တယ်။ အရင်တခါကလည်း ကျောင်းထဲမှာပဲ သွပ်မိုးပေါက်တာ၊ သမံတလင်း ခွက်သွားတာတွေတော့ ဖြစ်ခဲ့သေးတယ်။ ဘယ်သူလုပ်တယ်ဆို တာတော့ ရွာက ထင်ကြေးပေးတာရှိတယ်။ အဲဒီလူကိုလည်း စိတ်ပုံမှန်မဟုတ်ဘူးလို့ လက်ခံထားကြတယ်။ ဘာကြောင့် လုပ်တယ်ဆိုတာတော့ မသိဘူး"လို့ အမည်မဖော်လိုတဲ့ ဇဟောရွာသား တဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းကို ဆက်သွယ်မေးမြန်းရာ မှာတော့ "လုပ်တဲ့သူက လောလောဆယ် စခန်းမှာ ထိန်းသိမ်းထားပါတယ်။ စိတ်ကျန်းမာရေး မကောင်းသူဖြစ်လို့ အမှုဖွင့်ဖို့ဆိုတာကတော့ အဆင်မပြေလောက်ဘူး။ သူ့ကို စိတ်ကျန်းမာရေး ဆေးရုံ ပို့ဖို့ စီစဉ်နေပါတယ်။ ဘာမှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။"လို့ ဆိုပါတယ်။ ဇဟောရွာက အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ ဇဟောရွာမှာအခုလို ဘုန်းကြီးကျောင်းကို မိုင်းနဲ့ပစ်ခံရတာ ၂ ကြိမ်ရှိသွားပြီဖြစ်ပြီး ၂ကြိမ်စလုံး အသက် ၅၀ ကျော်အရွယ် စိတ်ရောဂါခံစားနေရသူ ဦးဝင်းဖေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024