အိန္ဒိယထုတ် သွေးပေါင်ကျဆေးများတွင် ကင်ဆာဖြစ်နိုင်သည့်ဓာတ်များ ပါဝင်

အိန္ဒိယနိုင်ငံ Hetero Labs Ltd. က ထုတ်လုပ်ရောင်းချတဲ့ သွေးပေါင်ကျဆေးတွေမှာ ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့ဓာတ် ပါဝင်နေတယ်လို့ အမေရိကန် ကျန်းမာရေးဌာနက မတ် ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ Losartan ပါဝင်တဲ့ နောက်ထပ်ဆေးဝါးပေါင်းများစွာကိုပါ ဈေးကွက်ထဲကနေ ပြန်လည်သိမ်းယူတော့မှာဖြစ်ကြောင်း စီအန်အန်သတင်းမှာဖော်ပြပါတယ်။ လက်ရှိအချိန်မှာ လူသားတွေအတွက် ကင်ဆာရောဂါဖြစ်ပွားစေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဈေးကွက်ထဲမှာရှိတဲ့ သွေးကျဆေးနဲ့ နှလုံးဆိုင်ရာ ဆေးဝါးတွေကို ပြန်လည်သိမ်းယူနေတယ်လို့ ဆိုပါတယ်။ လက်ရှိသိမ်းယူလိုက်တဲ့ ဆေးဝါးတွေမှာ NMBA လို့ခေါ်တဲ့ အက်ဆစ်တမျိုးပါဝင်နေပြီး ဒီအရာက တိရစ္ဆာန်တွေမှာ ကင်ဆာရောဂါကို ဖြစ်စေနိုင်ကြောင်း သိရှိရပြီးဖြစ်တယ်လို့လည်း ဆေးဝါးတွေကို ပြန်လည်သိမ်းယူမှုနဲ့ ပတ်သက်တဲ့ အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေး အဖွဲ့ရဲ့ မတ် ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ Camber Pharmaceutical Inc. ကုမ္ပဏီက အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ Losartan ဆေးပြားများစွာကို ပြန်လည်သိမ်းယူခဲ့ပါတယ်။ ပြန်လည်သိမ်းယူလိုက်တဲ့ ဆေးပြားတွေကို Hetero Labs Ltd ကုမ္ပဏီက အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပြီး Camber Pharmaceticals က  ဖြန့်ချိပါတယ်။ ဈေးကွက်ထဲကနေ ဆေးဝါးတွေ ပြန်လည်သိမ်းယူတာဟာ ARBs လို့ခေါ်တဲ့ ဆေးဝါးတွေကို စုံစမ်းစစ်ဆေးတာကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီဆေးဝါးတွေမှာ valsartan၊ losartan သို့မဟုတ် irbesartan ဓာတ်တွေပါဝင်နေကာ သွေးပေါင်တက်နေသူတွေ အဓိက သုံးစွဲကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက စတင်ကာ အမေရိကန်အပါအဝင် ကမ္ဘာတဝန်းလုံးမှာ ကုမ္ပဏီပေါင်းများစွာက ထုတ်လုပ်တဲ့ ARB သွေးပေါင်ကျဆေးတွေကို ပြန်လည်သိမ်းယူ ခဲ့ကြပါတယ်။ ဆေးဝါးမှာ ပါဝင်တဲ့ NMBA အက်ဆစ်ကြောင့် လူသားတွေမှာ ကင်ဆာရောဂါဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။ သိမ်းဆည်းလိုက်တဲ့ ဆေးဝါးတွေမှာ ပါဝင်တဲ့ NDMA နဲ့ NDEA ဓာတ်တွေနဲ့ ပတ်သက်လို့ စစ်ဆေးထားတဲ့ စစ်ဆေးမှုရလဒ်တွေကို FDA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ချက်အရ ဒီဆေးဝါတွေကြောင့် လူနာတွေအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိတယ်လို့ ဖော်ပြထားပြီး ဒီလေ့လာမှုက အပြည့်အဝ စိတ်ချလို့ မရကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဆက်လက်စုံစမ်းရမယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up