နယ်စပ်နေပြည်သူများအတွက် ကတုတ်ကျင်း ၁၄၀၀၀ ကျော် အိန္ဒိယ တည်ဆောက်

အိန္ဒိယအစိုးရဟာ ပါကစ္စတန်နဲ့ နယ်စပ်က ဂျမူးနဲ့ကက်ရှ်မီးယား ပြည်နယ်မှ နေကြတဲ့ မိသားစုတွေအတွက် သင့်တော်တဲ့ ကတုတ်ကျင်း ၁၄၀၀၀ ကျော်ကို တည်ဆောက် နေပါတယ်။ တကယ်လို့ အမြောက်နဲ့ ပစ်ခတ်ခံရရင် ဘေးကင်းရာကို ရွှေ့ပြောင်းစရာ မလိုဘဲ ဘေးကင်းကင်း နေရာချနိုင်ဖို့ ရည်ရွယ်ထားတာပါ။ လတ်တလော သီတင်းပတ်တွေအတွင်း ကက်ရှ်မီးယား နယ်စပ်တလျှောက်က ထိန်းချုပ်ရေး မျဉ်းတလွှားမှာ အမြောက်နဲ့ မကြာခဏ ပစ်ခတ်ခဲ့ကြတာပါ။ အခြေအနေ တင်းမာနေချိန်မှာ ဒေသခံတွေ ပြေးလွှားကြောက်လန့် မနေရအောင် ရည်မှန်းထားပါတယ်။ အစိုးရ အင်ဂျင်နီယာတွေဟာ မြေအောက်မှာ သံမဏနဲ့ ကွန်ကရိတွေကိုသုံးပြီး ကတုတ်ကျင်းတွေကို အခိုင်အခံ့ တည်ဆောက်နေလို့ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၆၀ ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတဲ့ မနှစ်က ဇွန်လကစပြီး ကတုတ်ကျင်းတွေကို ဆောက်နေတာပါ။ ရာနဲ့ချီတဲ့ ကတုတ်ကျင်းတွေကို ပုံမှန်အိမ်တွေရဲ့ နံရံနဲ့ အမိုး အထူတွေ ထက် ၃ ဆ ပိုထူပြီး သံမဏိကို ဆယ်ဆပိုသုံးပြီး တည်ဆောက် ထားတယ်လို့ ပြည်နယ်အစိုးရ အရာရှိတွေနဲ့ ကန်ထရိုက်တွေက ပြောပါတယ်။ ပါကစ္စတန် အစိုးရက ဖမ်းထားတဲ့ အိန္ဒိယ လေယာဉ်မှူးကို အိန္ဒိယ အစိုးရလက်ထဲ ပြန်လွှဲပေးခဲ့ပေမယ့် အခြေအနေ တင်းမာမှု တငွေ့ငွေ့ ရှိနေဆဲပါ။ နျူကလီးယား လက်နက်ရှင် အိမ်နီးချင်း နှစ်နိုင်ငံကြား စစ်မဖြစ်အောင်တားဖို့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက ကြိုးစားတိုက်တွန်း နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up