Home
ဆောင်းပါး
မဟောင်းဆဲ မပြောင်းလဲတဲ့ ဒီနေရာ ဒီဇာတ်လမ်းများ
DVB
·
March 3, 2019
ကားလေးတစီး မလွတ်မလပ်မောင်းရုံသာ အကျယ်ရှိသည့် မြေနီလမ်းခပ်ကျဉ်းကျဉ်းအတွင်း ကားခေါင်းဦးတည်လိုက်သည်နှင့် မလှမ်းမကမ်းတွင် ရှိနေသည့် လူငယ်တစုမှာ ဆိုင်ကယ်ကိုယ်စီ ခွလျက် မောင်းနှင် ထွက်ပြေးကြလေတော့သည်။ မည်သို့မျှ တားဆီးလိုက်ချိန်မရ။ အဆောက်အဦး ခပ်အိုအိုရှေ့သို့ ကားရောက်ချိန်တွင်မူ  အသက်ခပ် ငယ်ငယ် ချာတိတ်တယောက်သာကျန်တော့သည်။ ယခင်ကာလများက ယခုကဲ့သို့ ကားဝင်လာပြီး ပြန်ထွက်သွားတိုင်း ၎င်းတို့၏ အဖော် တချို့တ၀က် လက်ထိပ်တန်းလန်းနှင့် ပြန်ပါသွားသောကြောင့်လည်း ယခုကဲ့သို့ ထွက်ပြေးကြဟန်ရှိသည်။ အဆောက်အဦ၏ ပျက်စီးစပြုနေသော ပေါ်တီကို ဆင်ဝင် အောက်တွင်မူ တငွေ့ငွေ့ လောင်ကျွမ်းလက်စ မီးပုံအိုအို တခုက ပြာများ ခြွေချလျက်ရှိသည်။ ရှမ်းပြည်တနေရာ၏ အေးခဲသော ဆောင်းညများကို အဆိုမီးပုံနှင့် အတူ ၎င်းတို့ အံတုဖြတ်ကျော်ခဲ့ကြဟန်ရှိသည်။ အဆောက်အဦကိုကြည့်ပါက လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ခန့်ကတည်းက ပြုပြင်ထိန်းသိမ်းခဲ့ဟန်မရှိ။ အိုမင်းပျက်စီး ရိရော်စပြုလျက်ရှိသည်။ ပတ်ဝန်းကျင်တွင် လူတရပ်မကမြင့်မားသည့် ကိုင်းပင်များက အဆောက်အဦကို လေးပတ်လေးတန် ကာကွယ်ထားသည့်အတွက် အပြင်မှ ကြည့်ပါက အဆောက်အဦ၏ အပေါ်ထပ် မလွတ်မလပ်လောက်ကိုသာ မြင်နေရသည်။ မြို့လယ်ကောင်မှ ၃ မိနစ်ခန့် ကားမောင်းရုံဖြင့်ရောက်နိုင်သည့် အကွာအဝေးတွင်တည်ရှိနေသော်လည်း အဆိုပါ နေရာသို့ မြို့နေလူထု မလာရောက်ကြ။ ယင်းကြောင့်လည်း အဆိုပါအဆောက်အဦး မှာ မြို့နယ်တစ်ခုလုံးတွင် လွတ်မြောက်နယ်မြေ တခုအဖြစ် ယနေ့တိုင် အသက်ဝင်လျက်ရှိတော့သည်။ ၎င်းအဆောက်အဦမှာ  ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း  မူးယစ်ဆေးများဖြင့် နာမည်သတင်းကြီးသည့် ကျောက်မဲမြို့နယ် အတွင်းမှာ ပင်တည်ရှိနေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က အဆိုပါ နေရာကို စိုက်ပျိုးရေးသိပွံကျောင်းဖွင့်ရန် ရည်ရွယ်ပြီး ၎င်းအဆောက်အဦးကို တည်ဆောက်ခဲ့ကြသော်လည်း စီမံကိန်းပြီးစီးခြင်းမရှိဘဲ ယနေ့တိုင် ပစ်ထားခဲ့ကြသည့် နေရာ ဖြစ်သည်။ လက်ရှိတွင်မူ အဆိုပါအဆောက်အဦကို ခိုလှုံအသုံးပြုနေသူများမှာ ကျောက်မဲမြို့မှ မူးယစ်ဆေးသုံးစွဲ၊ ရောင်းဝယ်သူများပင်ဖြစ်သည်။  ယင်းကြောင့်ပင် "စိုက်ပျိုးရေးသိပ္ပံကျောင်း" ဟူသော အမည်ရာထူးလျော၍ ဆေးသမားများနားခိုရာ "ဆေးသိပ္ပံကျောင်း" ဟူ၍ ဒေသခံများက ခေါ်ဆိုကြသည်။ "ကျနော်က တခါတလေမှလာတာပါ။ အခုလည်း အလုပ်လုပ်နေရင် တစ်ပြားလောက်လာချတာ။ တခါသုံးရင်လည်းတပြားပဲသုံးတာပါ။ ၁၀၀၀ ပဲရှိတယ်" ဟု အသက် ၁၈ နှစ်သာသာ လူငယ်ကဆိုသည်။ ကျောက်မဲမြို့၏ ဆောင်းအတွက် တငွေ့ငွေ့မီးပုံကိုဖြဲယဲရင်း မီးလှုံနေသော်လည်း "ငါ့များဖမ်းမလို့လား"ဟူသော စိုးရိမ်စိတ်ရှိနေသည်ကိုကား မပြောပြသော်လည်း ၎င်း၏ မျက်ဝန်းတွင် အထင်းသားမြင်နေရသည်။ အသားဖြူဖြူနုနယ်သည့် မျက်နှာပေါ်တွင် ခပ်ကြမ်းကြမ်းဆံပင်များက ဖွာလံကျဲလျက်။ မူးယစ်ဆေးသုံးစွဲသည့်သက်တမ်းသိပ်ကြာသေးဟန်မတူ။ အလုပ်ချိန်အတွင်းထထွက်လာပုံရသည်။ လက်နှစ်ဘက်တွင် ဆီချေးများက ဟိုတစ်စ ဒီတစ်စ။ ယင်းအခိုက် တရုတ်နိုင်ငံလုပ် DT ဆိုင်ကယ်တစီနှင့် လူငယ်တဦး အ၀င်လမ်းအတိုင်း ခပ်ကြမ်းကြမ်း မောင်းဝင်လာပြန်သည်။ အဆောက်အဦးရှေ့ ဆင်ဝင်အောက်တွင် ၎င်းတို့မြင်တွေ့နေကြမဟုတ်သည့် လူစိမ်းအချို့ကို တွေ့လိုက်သည်နှင့်  ဆိုင်ကယ်ကို ပြန်လှည့်ကာမောင်းပြေးသွားသည်။ "သူတို့လည်းဆေးလာသုံးတာပဲ" ဟု မီးလုံလျက်ရှိသည့် လူငယ်က ဆိုသည်။ ယနေ့အချိန်တွင်မူ အဆိုပါအဆောက်အဦနေရာ၌ စိတ်ကြွဆေးပြား၊ ဘိန်းဖြူ စသဖြင့် မူးယစ်ဆေးဝါးပေါင်းစုံကို ၀ယ်ယူရရှိအသုံးပြုနိုင်လျက်ရှိသည်။ လက်ကြီးသမားများတော့မဟုတ်ကြ။ One stop service ကဲ့သို့ပင် တနိုင်တပိုင် သုံးစွဲသူများ ကျင်လည်ကျက်စားသည့်နေရာဖြစ်သည်။ ယင်းကြောင့်ပင် ကျောက်မဲမြို့ပေါ်ရှိ အသက် ၁၈ နှစ်အောက်လူငယ်များအပါအ၀င် ဆယ်ကျော်သက်လူငယ် သိုးမည်း များအားလုံး မကြာခဏ လာရောက်နားခိုရာ နိဗ္မာန်ဘုံတစ်ခုအဖြစ် မြို့နေလူထုက သတ်မှတ်ထားကြသည်။ ဆေးစွဲလူငယ်များက ဆေးသိပ္ပံကျောင်းတွင် ရောင်း/၀ယ်/သုံးစွဲကြသကဲ့သို့ သက်လတ်ပိုင်းနှင့်သက်ကြီးပိုင်းများက မြို့ထဲမှာ ပင် မိမိ အချိတ်အဆက်နှင့် မိမိ ရောင်း/၀ယ်/သုံးစွဲ ကြသည်ဟု အသက် ၄၀ ကျော်အရွယ် မူးယစ်ဆေးသုံးစွဲသူ တဦးက ဆိုသည်။ သက်တမ်းတလျှာက်တွင် ဆေးသိပ္ပံကျောင်းသို့  ရဲတပ်ဖွဲ့ စရဖ တာဝန်ရှိသူများက ၁၀ ကြိမ်ထက်မနည်း ၀င်ရောက်ဖမ်းဆီးခဲ့ဖူးကြောင်း စုံစမ်းသိရသည်။ ၀င်ဖမ်းတိုင်းလည်း လူငယ်များစွာ လက်ထိပ်စာမိခဲ့ကြသည်။ သို့သော် ဖမ်းဆီးမှုများတွင်လည်း ပမာဏကြီးမားသည့် မူးယစ်ဆေးမျိုးတော့ လက်ဝယ်တွေ့ရှိခဲ့ကြသည်မဟုတ်။ တစ်ပြားစ နှစ်ပြားစ ဘိန်းဖြူ ပွိုင့်ဂရမ် စသဖြင့်သာ တကိုယ်ရေသုံး ပမာဏဖမ်းဆီးရမိခဲ့သည်။ ယင်းတွင် လက်ဝယ်တွေ့ရှိသူ ဆယ်ကျော်သက်များမှာ အဆိုပါ မူးယစ်ဆေးအနည်းအကျဉ်းပမာဏအတွက် အကျဉ်းထောင်သို့ စံမြန်းခဲ့ကြရသည်။ လက်ဝယ်မတွေ့ရှိသူများကိုမူ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြသည်။ သို့သော် အဆိုပါ နေရာကို ၎င်းသို့ သေခန်းမပြတ်နိုင်ကြ။ အကြိမ်ပေါင်းများစွာ ထပ်မံရောက်ရှိလာခဲ့ကြသည်။ မိသားစုမသိအောင် မူးယစ်ဆေးသုံးသည့်လူငယ်များက အဆိုပါဆေးသိပ္ပံကျောင်းသို့လာ၍ မိသားစုက မနိုင်၍ လွှတ်ထားရသော မူးယစ်ဆေးသမားများကမူ နေအိမ်၌ပင် အသုံးပြုကြလေသည်။  အသုံးပြုရင်း အသိစိတ်လွတ်သွားသူများကိုလည်း ပရဟိတသမားများက နေအိမ်၌ပင်သွားခေါ်ယူ၍ ဆေးရုံသို့ပို့ဆောင်ပေးရလေသည်။ ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး ၀ယ်ယူရလွယ်ကူကြောင်းကို မြို့ခံ အာဏာပိုင်အဖွဲ့ အပါအ၀င် မြို့နေရပ်မိရပ်ဖ များက ၀န်ခံပြောဆိုကြသည်။ စိတ်ကြွဆေးပြားသုံးစွဲမှုများပြား၍ ဆေးကြောင်ပြီး အသိစိတ်လွတ်သွားကာ စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့်လူနာပေါင်း ၂၀ ကျော်ခန့်ရှိပြီဟု အဆိုပါလူနာများကို ဆေးရုံပို့ဆောင်ပေးနေသည့် ကျောက်မဲမြို့ ဇီဝိတဒါနလူမှုကူညီရေးအသင်းမှ သိရသည်။ ယနေ့ထိ ကျောက်မဲမြို့နေ မူးယစ်ဆေးစွဲလူငယ်များကို ဆေးဖြတ်ဖို့ရာ ဆေးရုံတင်ပို့ခြင်း၊ မက်သဒုံးအစားထိုး သောက်သုံးခြင်းများ ဆောင်ရွက်ပေးခဲ့သော်လည်း မူးယစ်ဆေးအလွယ်တကူ ပြန်လည်ဝယ်ယူနိုင်သဖြင့် မူးယစ်ဆေးပြန်လည်သုံးစွဲသွားမိကြပြီး ဆေးသုံးစွဲသူဘ၀ ပြန်ရောက်ကြရသည်ဟု ကျောက်မဲမြို့ရပ်မိရပ်ဖတဦးက ဆိုသည်။ "ရဲကလည်း အလုပ်သိပ်မလုပ်ဘူး။ ဆေးက ပဲလှော်လိုကိုဝယ်လို့ရတယ်" ဟု ၎င်းကဆိုသည်။ လက်ရှိ ကျောက်မဲဆေးရုံတွင်  မက်သာဒုံးဆေးလာရောက်သောက်သုံးနေသူ ၁၃၈ ဦးရှိပြီး အစဉ်အဆက်ကျောက်မဲဆေးရုံတွင် လူဦးရေ ၄၅၁ ဦး မက်သာဒုံးဆေးလာရောက်သောက်သုံးကာ မူးယစ်ဆေးဖြတ်ခဲ့ဖူးကြောင်း သိရသည်။ သို့သော် ၎င်းအထဲမှ မူးယစ်ဆေးပြတ်သွားဖူးသူဟူ၍ မရှိသလောက်နည်းကြောင်း သိရသည်။ ကျောက်မဲမြို့သည် မြန်မာနိုင်ငံ၏ မူးယစ်ဆေးသယ်ဆောင် ဖြန့်ဖြူးရာလမ်းကြောင်းပေါ်တွင် တည်ရှိနေသောမြို့နယ် တမြို့နယ်ဖြစ်သည်။ ကျောက်မဲခရိုင်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ် ဆေး တဆင့်ခံ ရောင်းချသူများကို စစ်ဆေးခဲ့ရာတွင်လည်း သောင်းချီသည့် ၎င်းတို့၏ စိတ်ကြွဆေးပြားများကို တစ်ပြား ၁၇ကျပ်မှ စတင်၍ ကျပ် ၁၅၀၊ ၂၀၀၊ ၃၀၀၊ ၃၅၀ စသဖြင့် အသီးသီးဝယ်ယူခဲ့ကြပြီး တစ်ပြား ၅၀၀ ကျပ်၊ ၈၀၀ ကျပ်၊ ၁၀၀၀ ကျပ်စသဖြင့် ပြန်လည်ရောင်းချကြကြောင်း ထွက်ဆိုခဲ့ကြဖူးသည်။ ကျောက်မဲမြို့နေ  မြို့မိမြို့ဖတဦးက  "ဆေးပြားတပြားကို လက်ဖက်ရည် တခွက်ဖိုးစာလောက်ပဲ ရှိတော့လူငယ်တွေ အသုံးပြုလာကြတာ မဆန်းဘူး။ ရဲတပ်ဖွဲ့ကလည်း မူးယစ်နဲ့ပတ်သက်ရင် သိပ်ပြီး အားရစရာမရှိဘူး" လို ဆိုသည်။ မြို့နေလူထု၏ လျစ်လျူရှူထားမှု၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏ တာဝန်မကျေမှုများကြောင့်လည်း ကျောက်မဲမြို့သည် လမ်းမပေါ်၌ပင် မူးယစ်ဆေးဝယ်လို့ရသည့်အနေအထားသို့ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ကျောက်မဲခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက  ဆိုသည်။ "မူးယစ်ဆေးနဲ့ပတ်သက်ရင် ဒီဘက်တွေက အရင်အစိုးရလက်ထက်ကလည်း ပစ်ထားခံရတယ်။ ဒီဘက်အစိုးရလက်ထက်မှာလည်း ပစ်ထားခြင်းခံရတုန်းပဲ။ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံပွဲမှာတုန်းကလည်း မူးယစ်ဆေးကိစ္စ အခြေအနေဆိုးလာတာကို တင်ပြဖူးတယ်။ ဒါပေမဲ့ တစုံတရာ ဆောင်ရွက်ပေးတာ အခုထိမရှိဘူး။ ရဲကလည်း မူးယစ်ဆို ဖမ်းပေးဖို့ မနည်းတိုက်တွန်းနေရတယ်။ ကျောက်မဲကမြို့ပေါ်ရော ရွာတွေရော မူးယစ်မှာ တစ်ကယ်ဆိုးနေပြီ" ဟု ၎င်းကဆိုသည်။ ဦးတင်မောင်သိန်းက ယင်းကဲ့သို့ပြောပြနေခိုက် ကျောက်မဲမြို့ မြို့လယ်ကောင်တွင် နေထိုင်သော အမျိုးသမီးတဦး ရေးကြီးသုတ်ပြာနှင့် ရောက်ရှိလာလေသည်။ နေအိမ်တွင်ရှိနေသည့် ၎င်း၏ ခင်ပွန်းဖြစ်သူ  စိတ်ကြွဆေးပြား အသုံးပြုမှုများပြား၍ စိတ်ဖောက်ပြန်လာသောကြောင့် လိုက်ကြည့်ပေးပါရန် လာရောက် အကြောင်းကြားခြင်းဖြစ်သည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024