Home
မြန်မာသတင်း
မြိတ်ဆိပ်ကမ်းတွင် လောင်စာဆီဖြည့်ရာမှ လှေ ၄ စီး မီးလောင်
DVB
·
March 2, 2019
တနင်္သာရီတိုင်းဒေသကြီး မြိတ်ဆိပ်ကမ်းမှာ မတ် ၁ ရက်နေ့က လောင်စာဆီဖြည့်ရာမှ လှေ ၄ စီး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ မြိတ်မြို့နောက်လယ်ရပ်၊ အမှတ် ၂ တံတားအနီးမှာ ဆိုက်ကပ်ထားတဲ့ ကုန်လှေ ၂ စီး၊ ငါးဖမ်းလှေတစီးနဲ့ ဆီသယ်လှေတစီးတို့ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ညနေ ၄ နာရီ ၄၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ဆီသယ်လှေကနေ မြိတ်-ချောင်းကဖီးရွာ ကုန်လှေအတွင်း လောင်စာဆီဖြည့်သွင်းနေစဉ် မီးစတင်လောင်ကျွမ်းခဲ့တာလို့ ခရိုင်မီးသတ် ဦးစီးမှူး ဦးဇော်ဝင်းက ပြောကြားခဲ့ပါတယ်။ "ကုန်လှေ ၂ စီးနဲ့ဆီသယ်လှေ ၁ စီးမီးလောင်ခံရတယ်။ ငါးဖမ်းလှေမှာလည်း အနည်းငယ်လောင်ကျွမ်းခံလိုက်ရတယ်။ မီးသတ်ကား ၂၃ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်။” မီးလောင်မှု ဖြစ်ပွားရာကို ခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့ပေါ်ရှိ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်ကားတွေ၊ ဒေသခံတွေ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ မီးလောင်ကျွမ်းခံခဲ့ရတဲ့ ကုန်လှေတွေကတော့ အောင်စပယ် (မြိတ်-ချောင်းကဖီးကုန်လှေ)၊ နှင်းမိုးလွင်-၁ (မြိတ်-အလယ်မန်ကုန်လှေ) နဲ့ ဆီသယ်လှေတို့ ဖြစ်ပြီး မြင့်မြတ်အောင်အမည်ရ ငါးဖမ်းလှေမှာ အနည်းငယ်လောင်ကျွမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024